ဝါရှင်တန် ဧပြီ ၂၄
အစ္စရေးနှင့် လက်ဘနွန်တို့က ပြီးခဲ့သည့် သီတင်းပတ်တွင်ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါသက်တမ်းတိုးမြှင့်ကာလသည် နောက်ထပ် သုံးပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ သမ္မတထရမ့်က လက်ဘနွန် ထိပ်တန်းအရာရှိများ၊ အစ္စရေးထိပ်တန်းအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးကာ အဆိုပါ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လက်ဘနွန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့က လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဝါရှင်တန်မြို့တော်သို့ လာရောက်မည်ဖြစ်ကြောင်း သမ္မတထရမ့်က ဆက်လက်ပြောကြားခဲ့သည်။
ကနဦးရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကာလမှာ ၁၀ ရက်ကြာမြင့်ခဲ့သည်။ လက်ရှိတွင် တိုက်ပွဲများ အပြီးတိုင် အဆုံးသတ်ရန် အမေရိကန်က စေ့စပ်ညှိနှိုင်းပေးလျက်ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်



