အစ္စရေးနှင့် ဟားမားစ်တိုက်ပွဲများ ဖြစ်ပွားချိန်မှစတင်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းဒေသသို့ ငါးကြိမ်မြောက် သွားရောက်မည်

 

ဝါရှင်တန်  ဖေဖော်ဝါရီ   ၁


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် သည်  မကြာမီအချိန်အတွင်း   အရှေ့အလယ်ပိုင်း ဒေသသို့   သွားရောက်မည်ဖြစ်ကြောင်း  နိုင်ငံခြား ရေးဝန်ကြီးဌာန   အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင် ပြောသည်။ 


အရှေ့အလယ်ပိုင်း   ခရီးစဉ်အတွင်း    အစ္စရေး အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့သွားရောက်မည် ဖြစ်သည်။ ၎င်း၏ခရီးစဉ်အတွင်း  ဟားမားစ်တို့ဖမ်းဆီး ထားသည့် ဓားစာခံများ    ပြန်လွှတ်ပေးရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန်  ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။ 


ထို့ပြင် ဟားမားစ်နှင့်  အစ္စရေးတို့   တိုက်ပွဲများ ရပ်နားရန်လည်း ဆွေးနွေးသွားမည်ဟု  ယူဆရသည်။ တိုက်ပွဲများအဆုံးသတ်သွားပါက ဂါဇာကမ်းမြောင် ဒေသတွင် မည်သို့စီမံခန့်ခွဲသွားမည်ကိုလည်း ဆွေးနွေး သွားဖွယ်ရှိသည်။ 


နောက်ထပ်ဆွေးနွေးရမည့်   အကြောင်းအရာ တစ်ခုမှာ ဇန်နဝါရီလနှောင်းပိုင်းအတွင်း ဂျော်ဒန်ရှိ အမေရိကန်စစ်စခန်းတစ်ခု တိုက်ခိုက်ခံရကာ အမေ ရိကန်တပ်ဖွဲ့ဝင်များ  သေဆုံးစေသည့်အကြောင်းအရာ ပင်ဖြစ်သည်။ 


ပင်လယ်နီတွင် ယီမင်အစိုးရဆန့်ကျင်ရေးသူပုန် များဖြစ်သည့် ဟူသီတို့က ကုန်တင်သင်္ဘောကြီးများ ကို အကြိမ်ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ  ဒေသတွင်း တင်းမာမှုများမဖြစ်ပွားစေရေး ဘလင်ကန်က အခြား သောနိုင်ငံများကို  တိုက်တွန်းသွားမည်ဖြစ်သည်။  


ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း အစ္စရေး နှင့် ဟားမားစ်တို့တိုက်ပွဲများ   စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ ငါးကြိမ်မြောက် ခရီးသွားခြင်းလည်း ဖြစ်သည်။  

အင်န်အိတ်ချ်ကေ