
နှင်းမိုးအိမ်
အာဖရိက ဦးချိုဒေသတွင် မိုးခေါင်မှုဖြစ်ပွားနေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ ခြောက်နှစ်ဆက်တိုက်မိုးခေါင်နေခဲ့ပြီးနောက် ဆိုမာလီပြည်သူ ငါးသန်းနီးပါးမှာ အစားအစာမလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေရပြီဖြစ်သည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ပြောကြားခဲ့သည်။
အာဟာရချို့တဲ့မှုဖြစ်ပေါ်လာ
ဆိုမာလီနိုင်ငံ၌ လူပေါင်း ၉၆၀၀၀ မှာ ငတ်မွတ်မှု ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်း ဒူဂျာရစ်ကပြောသည်။ အစားအစာလုံခြုံရေးအဆင့် ခွဲခြားသတ်မှတ်မှု (အိုင်ပီစီ) ၏ ကျွမ်းကျင်သူများ ပြောစကားကို ကိုးကားကာ ယခုလိုပြောကြားခဲ့ ခြင်းဖြစ်သည်။ အစားအစာ လုံခြုံစိတ်ချရမှုမရှိခြင်း ကြောင့် ကာလဝမ်းရောဂါနှင့် ဝက်သက်ရောဂါများ ဖြစ်ပွားခြင်းကို ဦးတည်သွားစေနိုင်ကြောင်းနှင့် အာဟာရချို့တဲ့မှုများပါ ဖြစ်ပေါ်လာကြောင်း အိုင်ပီစီက ပြောသည်။
ယာယီသာ ရှောင်ရှားနိုင်ခဲ့
ဆိုမာလီ၌ အိုင်ပီစီက စစ်တမ်းကောက်ယူရာ တွင် အစားအသောက်ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ တိုးတက်မှုအနည်းငယ်ရှိလာကြောင်း ကုလ ပြော ရေးဆိုခွင့်ရှိသူကပြောသည်။ အစားအသောက် ဖြန့်ဝေရာတွင် ရရှိမှုနှုန်းမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ မတ်လအတွင်း လူဦးရေ နှစ်သန်းနီးပါးကို အစား အသောက် ဖြန့်ဝေပေးနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း လူပေါင်း ၅ ဒသမ ၄ သန်းကို အစားအသောက် ဖြန့်ဝေပေး နိုင်ခဲ့ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူက ပြော သည်။ ယင်းသို့ အစားအသောက်ဖြန့်ဝေမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း အစားအသောက် လုံခြုံ စိတ်ချရမှုပြဿနာမှာ လျော့ပါးသွားခြင်းမရှိကြောင်း နှင့် ထိတ်လန့်စရာကောင်းသည့် အခြေအနေမျိုးမှ ယာယီသာ ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း မိတ်ဖက်အဖွဲ့အစည်းများက သတိပေးခဲ့သည်ဟု ဒူဂျာရစ်က ပြောသည်။
လိုအပ်နေဆဲဖြစ်
လာမည့် ဧပြီလမှ ဇွန်လအတွင်း လူပေါင်း ၆ ဒသမ ၅ သန်းကျော်မှာ ဆိုးရွားသည့် အငတ်ဘေးနှင့် အစားအစာလုံခြုံမှုမရှိခြင်းပြဿနာနှင့် ရင်ဆိုင်ရ ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ဆိုမာလီနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ရေးအစီအစဉ်အရ ဆိုမာလီရှိ လူပေါင်း ၇ ဒသမ ၆ သန်းရှိသော ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရှာဖွေထားသည်ဟု သိရသည်။ မတ်လကုန်တွင် အစားအသောက် ဖြန့်ဝေမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် နောက်ထပ် ရန်ပုံငွေများလည်း လိုအပ်နေဆဲဖြစ်သည်။
မိုးခေါင်မှုမှာ မပြီးဆုံးသေး
အာဖရိကဦးချိုဒေသတွင် မိုးခေါင်နေသည်မှာ ခြောက်နှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ မိုးရာသီသို့ ရောက်ရှိပြီဖြစ်သော်လည်း မိုးရွာသွန်းခြင်းမရှိပေ။ ယင်းသို့သော အခြေအနေမျိုးကြောင့် နေရပ်စွန့်ခွာ ကာ ထွက်ပြေးရသူဦးရေမှာလည်း တစ်ရှိန်ထိုး များပြားလာခဲ့သည်။ ဆိုမာလီယာ၊ အီသီယိုပီးယား နှင့် ကင်ညာနိုင်ငံတို့မှာ ဆိုးရွားသည့်ရေရှားပါးမှု ပြဿနာ၊ နိုင်ငံရေးပဋိပက္ခများနှင့် လုံခြုံမှုမရှိသည့် အခြေအနေများအောက်တွင် နေထိုင်နေရသည်။ ကာလရှည်ကြာပြီး ဆိုးရွားလှသည့် မိုးခေါင်မှုမှာ လည်း မပြီးဆုံးသေးချေ။
နေရပ်စွန့်ခွာထွက်ပြေးကြ
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မဟာမင်းကြီးရုံးသည် ဒုက္ခသည်နှင့် အခြေ အနေအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးကာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၃ သန်းကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁၃၇ သန်း ကူညီပေးသွားမည်ဖြစ်သည်။ အီသီယိုပီးယားနှင့် ဆိုမာလီနိုင်ငံတို့တွင် မိုးခေါင်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၇ သန်းရှိပြီး အများစုမှာ ပြီးခဲ့သည့်နှစ်ကတည်းက ထွက်ပြေးခဲ့ရသူများ ဖြစ် သည်ဟု သိရသည်။ ဆိုမာလီယာနှင့် တောင်ဆူဒန် တို့မှ ဒုက္ခသည်ပေါင်း ၁၈ သိန်းကျော်တို့သည် မိုးခေါင်မှုဒဏ်ခံစားရသည့် ကင်ညာနှင့် အီသီယို ပီးယားနိုင်ငံတို့သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။
ဖေဖော်ဝါရီလအတွင်းကလည်း လူပေါင်း တစ်သိန်းမှာ အီသီယိုပီးယားနိုင်ငံရှိ ဝေးလံသော ဒေသဖြစ်သည့် ဒိုလိုဒေသသို့ဝင်ရောက်ခဲ့ကြသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ပြောသည်။ အဆိုပါဒေသမှာလည်း မိုးခေါင် ရေရှားမှုဒဏ်ကို ခံစားနေရသည့် ဒေသဖြစ်သည်။ ဆိုမာလီ တစ်နိုင်ငံထဲတွင်ပင် ပဋိပက္ခများနှင့် မိုးခေါင်မှုကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်နေရ သူ ၂၈၇၀၀၀ ရှိသည်ဟု သိရသည်။
လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ
ဆိုမာလီနိုင်ငံသည် သမိုင်းတွင် အရှည်လျား ဆုံးနှင့်အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကိုခံစားနေရခြင်း ဖြစ်ပြီး ကာလရှည်ကြာ မိုးခေါင်မှုကြောင့် နိုင်ငံကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။ ဆိုမာလီယာ၌ တိရစ္ဆာန် ၃ ဒသမ ၅ သန်း သေကျေ ပျက်စီးခဲ့ရပြီး မွေးမြူရေးလုပ်ငန်းများလည်း ပျက်ပြားခဲ့ရသည်။
ယင်းအတွက်ကြောင့် ကလေးငယ်များ နို့ မသောက်သုံးရဘဲ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ။
ကိုးကား - ဆင်ဟွာ