အဲရစ်ဆင်နှင့် ဟွိုက်လန်းတို့ ဒဏ်ရာရရှိကြောင်း မန်ယူအသင်း အတည်ပြု

 

မန်ယူအသင်းမှ  ကွင်းလယ်ကစားသမား  အဲရစ်ဆင်သည်   ဒဏ်ရာ ကြောင့်  တစ်လနီးပါးခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ အသင်းဖော် ဟွိုက်လန်းသည်လည်း ဒဏ်ရာကြောင့် နိုဝင်ဘာလ ကုန်အထိ     အနားယူရဖွယ်ရှိနေကြောင်း   မန်ယူအသင်းဘက်က အတည်ပြု ပြောသည်။ 


အဲရစ်ဆင်နှင့်  ဟွိုက်လန်းတို့သည် ပရီမီယာလိဂ်ပွဲစဉ် (၁၂) အဖြစ် နိုဝင်ဘာ ၁၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူအသင်းက    လူတန်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော  ပွဲစဉ်တွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 


ထို့ကြောင့်   ကွင်းလယ်ကစားသမား အဲရစ်ဆင်သည် မန်ယူအသင်း ကစားရန် ကျန်ရှိနေသည့် ချန်ပီယံလိဂ်ပွဲစဉ် နှစ်ပွဲနှင့်  ပရီမီယာလိဂ် ပွဲစဉ်လေးပွဲအထိ လွဲချော်သွားဖွယ်ရှိနေသည်။ ထို့အပြင် တိုက်စစ်ကစား သမား  ဟွိုက်လန်းမှာလည်း နိုဝင်ဘာ ၂၉ ရက်၌ ယှဉ်ပြိုင်ကစားမည့်  ဂါလာတာစာရေးအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားရန်  သံသယဖြစ်ဖွယ်  အနေအထားရှိနေသည်။ 


အဆိုပါ ကစားသမားများသည် ယူရို  ၂၀၂၄ ခြေစစ်ပွဲ    ယှဉ်ပြိုင်ကစား မည့် ဒိန်းမတ်ကစားသမားစာရင်းမှလည်း နုတ်ထွက်ထားကြသူများ ဖြစ်သည်။ ဒိန်းမတ်အသင်းသည် နိုဝင်ဘာ ၁၇ ရက်တွင် ဆလိုဗေးနီးယား၊ နိုဝင်ဘာ ၂၀ ရက်တွင် မြောက်အိုင်ယာလန်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။                                              

အောင်ဇော်