အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့

Type

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ကမ္ဘာ့လူသားများအတွက် အအေးပေးနည်းပညာ
လူသားများ၏   စီးပွားရေး   တိုးတက်ကောင်းမွန် လာသည်နှင့်အမျှ နေ့စဉ်ဘဝ၏ လိုအပ်ချက်များကို အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းနိုင်ရန် နည်းပညာ မျိုးစုံကို  အသုံးပြုလာကြသည်။   ထိုနည်းပညာ များမှာ မိမိသိရှိလိုသော   အချက်အလက်များကို Enter တစ်ချက်ခေါက်ရုံမျှဖြင့် မည်သည့်အကြောင်း အရာကိုမဆို ရှာဖွေတွေ့ရှိနိုင်သည့် Google Search Engine၊  ဉာဏ်ရည်တုနည်းပညာ     (Artificial Intelligence) ဖြင့် တီထွင်ထားသည့်     application များ၊ software စနစ်များ၊   သက်သောင့်သက်သာ ရှိသော  လူနေမှုဘဝအတွက်   အအေးပေးနည်းပညာ စသည်တို့ပင်ဖြစ်သည်။  
အအေးပေးနည်းပညာသည်      လူသားများ အတွက်    အစားအသောက်နှင့်   အဖျော်ယမကာ ထုတ်လုပ်ခြင်း၊       ဆေးဝါးထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်း၊ လူသားများ၏ ဆဲလ်များ၊    သွေး များနှင့်    အရေးကြီး   အချက်အလက်များကို သိမ်းဆည်းပေးသည့် Tissue Bank,  Blood Bank, Data Center များတွင် အဆိုပါ နည်းပညာကို အသုံး ပြု၍    သုတေသနပြုလုပ်နိုင်ခြင်း၊      လူသားများ၏ အသက်ကိုကယ်တင်နိုင်ခြင်းနှင့် အရေးကြီး အချက် အလက်များကို   မပျောက်ပျက်ဘဲ    တည်တံ့အောင် ထိန်းသိမ်းထားနိုင်ခြင်း၊ မိမိလိုအပ်သော     နေရာ တစ်ခုကို အအေးပေးနည်းပညာ အသုံးပြုထားသော အအေးပေးစက်ပစ္စည်းများဖြင့်      အေးမြအောင် ဖန်တီး၍    သက်သောင့်သက်သာရှိသော     လူမှု ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ခြင်း   အစရှိသည့် သုခချမ်းသာများဖြင့် ကမ္ဘာ့လူသားများကို အကျိုးပြု နေပေသည်။ 
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့   ဆိုသည်မှာ အအေးပေးနည်းပညာနှင့် အအေးပေးစက်ပစ္စည်းတို့ ၏ အရေးပါမှုကို သတိပြုမိပြီး  အိုဇုန်းလွှာမပျက်စီးစေ ရန်နှင့်    ရာသီဥတုပြောင်းလဲမှု    တိုက်ဖျက်ရေးကဲ့သို့ သော ပတ်ဝန်းကျင်ဆိုင်ရာ   ဆောင်ရွက်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်    မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်    အဖွဲ့ဝင်နိုင်ငံများ၏ အသိ ပညာပေး   လှုပ်ရှားဆောင်ရွက်မှုတစ်ခု   ဖြစ်သည်။ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်     ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရေခဲသေတ္တာ၊    လေအေးပေးစက် ဆိုင်ရာလုပ်ငန်းများနှင့် ကမ္ဘာတစ်ဝန်းလုံး အအေး ပေးပစ္စည်းလုပ်ငန်းဆိုင်ရာ     အသင်းအဖွဲ့များကို စတင်စေခဲ့သူ  “Mr.  William    Thomson” ခေါ်  “Mr. Lord Kelvin” အား အသိအမှတ်ပြုခြင်းအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့်   ဇွန် ၂၆ ရက်ကို    ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့အဖြစ် ကမ္ဘာ့နိုင်ငံများတွင် သတ်မှတ်ဆောင်ရွက်နေသကဲ့သို့    ၂၀၁၉ ခုနှစ်မှ စ၍ အဆိုပါနေ့ကို   သတ်မှတ်ကျင်းပလာခဲ့သည်။ ယခု   ၂၀၂၃ ခုနှစ်တွင်လည်း   “Next Generation Cooling : The future is in our hands”   “အအေး ပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့  ပူးပေါင်း လက်တွဲဆောင်ရွက်စို့” ဟူသော   ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်အခမ်းအနားနှင့်   အသိပညာပေး အစီအစဉ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။    
အအေးပေးနည်းပညာအမျိုးအစားများ
ကမ္ဘာတစ်ဝန်းတွင် အသုံးပြုနေသည့်   အအေး ပေးနည်းပညာ အမျိုးအစားလေးမျိုးရှိသည်။ ၎င်းတို့ မှာ ရေငွေ့ပျံအအေးပေးနည်းပညာ  (Evaporative Cooling Technology) ၊ စက်စွမ်းအင်ဖြင့်  အအေး ပေးဒြပ်ပစ္စည်းများကို ဖိအားတစ်ခုတွင်  ဖိနှိပ်ပြီး အအေးပေးခြင်း   နည်းပညာ   ( Mechanical-Compression   Refrigeration    Technology)၊ အအေးပေးဒြပ်ပစ္စည်းများကို   အသုံးပြု၍   အခြား ကြားခံအရာတစ်ခုမှ အပူစွမ်းအင်ကို  ပြောင်းလဲကာ အအေးပေးခြင်း    နည်းပညာ    (Absorption Technology)၊   အီလက်ထရွန်နစ်စနစ်များတွင် အသုံးပြုသည့်  Thermoelectrics  Technology  တို့ပင်ဖြစ်သည်။       ဖော်ပြပါ   နည်းပညာများတွင် စက်စွမ်းအင်ဖြင့်      အအေးပေးဒြပ်ပစ္စည်းများကို ဖိအားတစ်ခုတွင်     ဖိနှိပ်ပြီး    အအေးပေးခြင်း နည်းပညာ ( Mechanical-Compression Refrige-ration Technology) နှင့်    အအေးပေးဒြပ်ပစ္စည်း များကို    အသုံးပြု၍    အခြားကြားခံအရာတစ်ခုမှ အပူစွမ်းအင်ကို   ပြောင်းလဲကာ     အအေးပေးခြင်း နည်းပညာ (Absorption Technology) ကို အသုံး အများဆုံးဖြစ်ပြီး ထိုစနစ်နှစ်ခုလုံးသည် အအေးပေး ဒြပ်ပစ္စည်းများကို ထည့်သွင်းအသုံးပြု၍ အအေးပေး ခြင်းပုံစံများပင် ဖြစ်သည်။
အအေးပေးနည်းပညာများကို နေ့စဉ်ဘဝတွင် သက်သောင့်သက်သာရှိရန်၊ စီးပွားရေးလုပ်ငန်းများ နှင့် စနစ်အမျိုးမျိုးအတွက် တွင်ကျယ်စွာ အသုံးပြု ကြပေရာ လူသားများသည် အဆိုပါနည်းပညာများမှ ကောင်းကျိုးများစွာကို      လက်ခံရရှိသော်လည်း တစ်ဖက်တွင်လည်း    အဆိုပါနည်းပညာများကို အသုံးပြုထားသည့် အအေးပေးစနစ်များ လည်ပတ် နိုင်ရေးအတွက်  ထည့်သွင်းအသုံးပြုရမည့်    အအေး ပေးဒြပ်ပစ္စည်းများကြောင့် လူသားများ၏ ကျန်းမာ ရေး၊  အိုဇုန်းလွှာနှင့်  ပတ်ဝန်းကျင်ကို  ထိခိုက်မှုရှိနေ သည်ကိုလည်း   သတိပြုကြရပေမည်။ 
အအေးပေးနည်းပညာများကြောင့် 
ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ
အအေးပေးနည်းပညာ    အသုံးပြုထားသည့် အအေးပေးစနစ်များ လည်ပတ်နိုင်ရေး    ထည့်သွင်း အသုံးပြုရမည့် အအေးပေးဒြပ်ပစ္စည်းများဖြစ်သော  ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFC) အစရှိသည့် ကလိုရင်းကို    အခြေခံ သော အအေးပေးဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာ ပျက်စီးမှုကို   ဖြစ်စေသည့်   Ozone Depleting Substances – ODS များ ဖြစ်ကြသည်။    တစ်ဖန် အဆိုပါ အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေသည့် Ozone Depleting    Substances – ODS  များအစား အစားထိုး အသုံးပြုသည့် Alternatives    များသည် လည်း ကမ္ဘာ့ပူနွေးမှုအလားအလာကို တိုးမြှင့်နိုင်စွမ်း ရှိပေရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ထိပ်တန်းနည်းပညာများအတွက် အသုံးပြုရ သည့် ကမ္ဘာ့လျှပ်စစ်ဓာတ်အား  လိုအပ်ချက်များတွင် အအေးပေးနည်းပညာအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် အမြင့်ဆုံးများထဲမှ  တစ်ခုဖြစ် နေရာ စွမ်းအင်သုံးစွဲမှုကြောင့်   ကာဗွန်ထုတ်လွှတ်မှု ပမာဏသည်လည်း   များပြားလာမည်     ဖြစ်သော ကြောင့် ရာသီဥတုပြောင်းလဲမှုသည် တိုးမြင့်လာမည် ဖြစ်ပေသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံများထွက် နှုန်းကျဆင်းခြင်း၊ ဂျုံ၊ ပဲကဲ့သို့သော သီးနှံမျိုးစိတ်များ တွင် ပရိုတင်းဓာတ်နှင့်    သတ္တုဓာတ်လျော့နည်းလာ ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ ရောဂါ မျိုးစိတ်သစ်များ     ထွက်ပေါ်လာခြင်း  အစရှိသည့် မမျှော်မှန်းနိုင်သော         သဘာဝဘေးဆိုးများကို တွေ့ကြုံရမည် ဖြစ်ပေသည်။
အအေးပေးနည်းပညာကြောင့်   ဖြစ်ပေါ်လာသော 
ဆိုးကျိုးများကို ကာကွယ်ရန်   မြန်မာနိုင်ငံအနေဖြင့် 
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အအေးပေးနည်းပညာ   အသုံးပြုထားသည့် အအေးပေးစနစ်များ   လည်ပတ်နိုင်ရေး ထည့်သွင်း အသုံးပြုရမည့်        အအေးပေးဒြပ်ပစ္စည်းများနှင့် အခြားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း များကြောင့် ဖြစ်ပေါ်လာသည့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တကာ သဘောတူညီချက်များဖြစ်သည့်    ဗီယင်နာ ကွန်ဗင်းရှင်းမှအစပြု၍ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများဆိုင်ရာ   မွန်ထရီယယ်နောက်ဆက်တွဲ စာချုပ်နှင့် ပြင်ဆင်ချက်များတွင် လက်မှတ်ရေးထိုး ပါဝင်ခဲ့ပြီး     အိုဇုန်းလွှာပျက်စီးစေသော  ဟိုက်ဒရို ဘရိုမိုဖလူရိုကာဗွန် (HBFC) ကို ၁၉၉၆ ခုနှစ်တွင် လည်းကောင်း၊ ဘရိုမိုကလိုရိုမီသိန်း (Bromochlo-romethane) ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ ဟေလွန်ဂျနိတ်တက် ကလိုရိုဖလူရိုကာဗွန် (Halog- enated CFC) ကို ၂၀၀၇ ခုနှစ်တွင်လည်းကောင်း၊ ကလိုရိုဖလူရိုကာဗွန် (CFC)၊   ဟေလွန်   (Halon)၊ ကာဗွန်တက်ထရာကလိုရိုဒ်  (Carbon  Tetrachlo-ride) ကို ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ မီသိုင်း ကလိုရိုဖောင်း (Methyl Chloroform) နှင့် မီသိုင်း ဘရိုမိုဒ်( Methyl Bromide)ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း       စသည့်ဒြပ်ပစ္စည်းများအား  ပြည်တွင်းသို့   တင်သွင်းသုံးစွဲမှုကို    အပြီးသတ် ရပ်ဆိုင်းနိုင်ခဲ့ပြီးဖြစ်သည်။
အလားတူ အိုဇုန်းလွှာပျက်စီးစေသည့် အဓိက အအေးပေးဒြပ်ပစ္စည်းဖြစ်သည့်  ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC/R-22) သုံးစွဲမှုကိုလည်း ၂၀၄၀ ပြည့်နှစ်တွင် လုံးဝရပ်ဆိုင်းသွားနိုင်ရန် နှစ်အလိုက် လျှော့ချပြီး ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်း ဒြပ်ပစ္စည်းအများဆုံးအသုံးပြုသည့်  မြင်းကောင်ရေ ၂ ဒသမ ၅ အောက် အင်အားရှိ အိမ်သုံးလေအေးပေး စက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှ စတင်တားမြစ်သောအမိန့်ကို ၂၀၂၀ ပြည့်နှစ်   ဧပြီ ၂ ရက်   ရက်စွဲပါ   အမိန့်ကြော်ငြာ စာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ အလားတူဒြပ်ပစ္စည်းများ အသုံးပြုသည့် မြင်းကောင် ရေ ၂ ဒသမ ၅ နှင့်အထက်    အင်အားကြီး စက် ပစ္စည်းများ တင်သွင်းသုံးစွဲမှုကို ဆက်လက်ကန့်သတ် သွားရန်လည်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်    ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC) အပါအဝင်  အိုဇုန်းလွှာပျက်စီးစေသော အအေးပေး ဒြပ်ပစ္စည်းများအစား အစားထိုး  အသုံးပြုလာသော ဒြပ်ပစ္စည်းဖြစ်သည့်     ဟိုက်ဒရိုဖလူရိုကာဗွန်- HFC  ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာ  ပျက်စီးမှုမရှိသော် လည်း      ကမ္ဘာ့ပူနွေးမှုအလားအလာ    (Global Warming Potential-GWP)  မြင့်သောကြောင့်    ယင်းဒြပ်ပစ္စည်းများ   သုံးစွဲမှုကိုလည်း   လျှော့ချနိုင် ရေးအတွက် ကမ္ဘာ့နိုင်ငံများမှ   ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်     ကီဂါလီပြင်ဆင်ချက်တွင်လည်း  မြန်မာနိုင်ငံမှ       ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။    ကီဂါလီပြင်ဆင်ချက်ကို အသိအမှတ်ပြု     သဘောတူလက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးပါက ၂၀၂၄ ခုနှစ်မှစ၍ ဟိုက်ဒရိုဖလူရိုကာဗွန်- HFC တင်သွင်း အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်သွားမည် ဖြစ်သည်။
အအေးပေးနည်းပညာ၏အနာဂတ်  
အအေးပေးနည်းပညာများသည် ဘဝနေထိုင်မှု အတွက် မရှိမဖြစ် အရေးပါလှသော်လည်း ဆိုးကျိုး များလည်းရှိသောကြောင့် ရေရှည်စဉ်ဆက်မပြတ် အသုံးပြုရန်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အနာဂတ်တွင်        အဆိုပါနည်းပညာကို ဆက်လက်အသုံးပြုသွားနိုင် ရန် စွမ်းအင်သုံးစွဲမှုကို  လျှော့ချပေးနိုင်သည့်  Green Cooling Technology ကို    အသုံးပြုထားသော အအေးပေးစက်ပစ္စည်းများကို သုံးစွဲခြင်း၊    အအေး ပေးနည်းပညာနှင့်    ဆက်စပ်နေသည့်  လုပ်ငန်းများ တွင် ဆောင်ရွက်နေသည့် ပညာရှင်များမှာ ပတ်ဝန်း ကျင်နှင့် အိုဇုန်းလွှာကို မပျက်စီးစေရန်    အသိပညာ ရှိသည့်  လုပ်သားများဖြစ်ခြင်းတို့ လိုအပ်ပြီး ပြည်သူ များနှင့်   အအေးပေးနည်းပညာလုပ်ငန်းရှင်များ တွင်လည်း အအေးပေးနည်းပညာ အသုံးပြုခြင်းနှင့် အတူ     မိမိတို့၏လုပ်ရပ်ကြောင့်     အအေးပေး နည်းပညာ၏အနာဂတ် မတိမ်ကောစေရေးအတွက် အသိပညာရှိလာစေရန်     သက်ဆိုင်ရာအစိုးရဌာန များအနေဖြင့် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု များ ပြုလုပ်ရန်လိုအပ်သည်။
အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့
အအေးပေးနည်းပညာ စဉ်ဆက်မပြတ်  ဖွံ့ဖြိုး တိုးတက်ပြီး အနာဂတ်မတိမ်ကောမှသာ  ထိုကဏ္ဍ တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၏ အနာဂတ်ပါ ခိုင်မာစေမည်ဖြစ်သည်။ အစိုးရအနေ ဖြင့်လည်း အအေးပေးနည်းပညာဆိုင်ရာ   ကဏ္ဍနှင့် ပတ်သက်၍   လုပ်ငန်းရှင်များနှင့် ပညာရှင်များကို အသစ်အသစ်သော အအေးပေးနည်းပညာများကို တီထွင်ကြံဆနိုင်ရန် ရည်ရွယ်လျက်  လုပ်ငန်းရှင်များ နှင့် ပညာရှင်များကို   အားပေးခြင်း၊    ကူညီခြင်း၊ စွမ်းအင်ခြိုးခြံချွေတာနိုင်ပြီး      Environmental Friendly ဖြစ်သော    အအေးပေးနည်းပညာများ အသုံးပြုထားသည့် အအေးပေးစက်ပစ္စည်းများနှင့် ဒြပ်ပစ္စည်းများကိုသာ လုပ်ငန်းရှင်များမှ    ရောင်းချ ခြင်းနှင့် ပြည်သူလူထုမှ ဝယ်ယူခြင်း စသည်များကို လက်တွဲညီညီ   ပူးပေါင်းဆောင်ရွက်ကြမှသာ ခိုင်မာ သော အနာဂတ်ရှိသည့်   အအေးပေးနည်းပညာ အသုံးပြုထားသော ကမ္ဘာကြီးတွင်      လူသားများ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ကြောင်း  နှိုးဆော် တိုက်တွန်းဖော်ပြအပ်ပါသည်။      ။

ကိုးကား-
(၁)    https://celsiuscity.eu/impact-of-refri-geration- systems- technology  -on-climate/
(၂)    https://en.wikipedia.org/wiki/Category: Cooling_technology
(၃)    https://www.cafcoservices.com/blog/hvac/4-types-of-refrigeration-systems/