အာရှဖလား ယူ -၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်

 

ရန်ကုန်  မေ  ၂၅
၂၀၂၃ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ ကို မေ ၂၅ ရက်က ကျင်းပရာ မြန်မာအသင်း သည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည်။ 
ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၄၃ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။  လေးသင်းအုပ်စု   ၁၀ ခုနှင့် သုံးသင်းတစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်      တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ ကာတာအသင်းတို့နှင့် အုပ်စုကျပ် အတွင်း    ကျရောက်နေသည်။    ခြေစစ်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၂ ရက်အတွင်း ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့်  အုပ်စု (B)   ပွဲစဉ်များကို   တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။  အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် ဂျော်ဒန်၊ ဆီးရီးယား၊ အိုမန်၊ ဘရူနိုင်း၊ အုပ်စု (B) တွင်  တောင်ကိုရီးယား၊ မြန်မာ၊ ကာဂျစ္စတန်၊ ကာတာ၊ အုပ်စု (C) တွင် ဗီယက်နမ်၊ စင်ကာပူ၊ ယီမင်၊  ဂူအမ်၊  အုပ်စု (D) တွင် ဂျပန်၊  ဘာရိန်း၊   ပါလက်စတိုင်း၊ ပါကစ္စတန်၊ အုပ်စု (E) တွင် ဥဇဘက်ကစ္စတန်၊ အီရန်၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ အုပ်စု (F) တွင် အီရတ်၊ ကူဝိတ်၊ တီမော၊ မကာအို၊ အုပ်စု (G) တွင် ယူအေအီး၊ အိန္ဒိယ၊ မော်လ်ဒိုက်၊ တရုတ်၊  အုပ်စု (H)  တွင်  ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊   ဖိလစ်ပိုင်၊  အုပ်စု  (I)  တွင် သြစတြေးလျ၊  တာဂျစ်ကစ္စတန်၊   လာအို၊ မြောက်ကိုရီးယား၊  အုပ်စု (J)  တွင်  ဆော်ဒီ အာရေဗျ၊ ကမ္ဘောဒီးယား၊ လက်ဘနွန်၊ မွန်ဂို လီးယား၊ အုပ်စု (K) တွင်  တာ့ခ်မင်နစ္စတန်၊ အင်ဒိုနီးရှားနှင့်     တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည်  အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း    ၂၀၁၄   ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၀ နှင့် ၂၀၂၂ ပြိုင်ပွဲတို့တွင်    ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်းမရှိပေ။ မြန်မာအသင်းသည် မေလအတွင်း က  ကျင်းပပြီးစီးခဲ့သည့်  (၃၂)  ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းကို     အခြေခံကာ ယှဉ်ပြိုင်မည်ဖြစ်သည်။
ရဲရင့်လွင်