
ရန်ကုန် အောက်တိုဘာ ၂၆
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ အောက်တိုဘာ ၂၆ ရက် နံနက်အစောပိုင်းက ရောက်ရှိခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစားသမား ၂၃ဦး စုစုပေါင်း ၃၄ ဦး လိုက်ပါသွားပြီး အုပ်ချုပ် သူ- ဦးရဲဝင်းအောင်၊ နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်၊ လက်ထောက် နည်းပြ- ဦးဇော်ဝင်းထွန်းနှင့် ဦးအောင်အောင်ထွန်း၊ ဂိုးနည်းပြ– ဦးဇော်လင်းအောင်၊ အသင်းအတွင်းရေးမှူး - ဦးစည်သူဝင်း၊
ကစားသမားများအဖြစ် ဂိုးသမား- ထွန်းနန္ဒဦး၊ အောင်ကိုလတ်၊ ပြည့်ဖြိုး သူ၊ နောက်တန်း- စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ဟိန်းထက်စည်သူ၊ ဟိန်း ဇေယျာလင်း၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက်ပိုင်ထွေး၊ အလယ် တန်း- လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်း၊ ရဲလင်းထက်၊ ရဲရင့်အောင်၊ ရှေ့တန်း- ဝင်းနိုင်ထွန်း၊ သန့်ဇင်မြင့်၊ မြတ်ကောင်းခန့်၊ ခင်ကျော်ဝင်း၊ ကောင်းမြတ်သူတို့ ပါဝင် ကြသည်။ မြန်မာ ယူ-၂၃ အသင်းသည် ခြေစစ်ပွဲမတိုင်မီ ယူအေအီးနိုင်ငံ၌ အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးပထမတန်းကလပ် Al Jazeera Al Hamra အသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာယူ-၂၃ အသင်းသည် ယူအေအီးနိုင်ငံတွင် ခြေစမ်းပွဲတစ်ပွဲ ကစားပြီးနောက် အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ထွက်ခွာခဲ့ရာ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့သို့ အောက်တို ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ပြီးခဲ့သည့်ရက်ပိုင်း ကတည်းက စတင်ကျင်းပနေပြီး နိုဝင်ဘာ ၂ ရက်တွင် အားလုံး ပြီးဆုံးမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်းတို့ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာ အသင်းပါဝင်သည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။ အုပ်စု (I) ပထမပွဲအဖြစ် အောက်တိုဘာ ၂၇ ရက် (ယနေ့)တွင် ဗီယက် နမ်နှင့် တရုတ်(တိုင်ပေ)တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်း မှာမူ နောက်နှစ်ပွဲမှသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၃၀ ရက်တွင် တရုတ်(တိုင်ပေ)အသင်း၊ နိုဝင်ဘာ ၂ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ် သည်။ ရဲရင့်လွင်