အာရှဖလား ဖူဆယ်ပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲငါးပွဲကစားမည်

 

ရန်ကုန်  ဇန်နဝါရီ  ၂၇


၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အတွက်   ပြင်ဆင်နေသည့်  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်   ပြိုင်ပွဲမတိုင်မီ   နိုင်ငံတကာ ခြေစမ်းပွဲငါးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်       ဖူဆယ်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲများကို ဖေဖော်ဝါရီတွင် သုံးပွဲ၊ မတ်လကုန်ပိုင်းတွင်    နှစ်ပွဲကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇန်နဝါရီ ၂၁ ရက်မှစ၍ ရက် ၂၀ ဝန်းကျင်လေ့ကျင့် လျက်ရှိပြီး   ဖေဖော်ဝါရီ   ၅  ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်၍ အင်ဒိုနီးရှားကလပ် အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ်ချန်ပီယံ Bintang Timur Futsal Club အသင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team အသင်း တို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် နောက်ထပ်ခြေစမ်းပွဲနှစ်ပွဲကိုမူ အာရှဖလားပြိုင်ပွဲ အတွက် အပြီးသတ်ပြင်ဆင်သည့် မတ်လကုန်ပိုင်းမှ ကစားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်    ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အသင်းသည် မတ် ၃၀၊ ၃၁ ရက်တို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်းကို  နည်းပြချုပ်အဖြစ်  ထိုင်း နိုင်ငံသား ဘန်လက်ချာယိုဝန်က ကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၄ ဦး ရွေးချယ်ထားသည်။                          

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF