
ရန်ကုန် အောက်တိုဘာ ၇
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပထမနေ့ကို အောက်တိုဘာ ၇ ရက်က စတင်ကျင်းပရာ မြန်မာ အသင်းက ပါလက်စတိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်း ပါဝင်သော အုပ်စု (E) ပွဲစဉ်များကို တာဂျစ် ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပါလက်စတိုင်း အသင်းကို နောက်မှလိုက်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင် ရခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ပိုကောင်းလာခဲ့ သည်။ မြန်မာအသင်းသည် အိန္ဒိယ၊တာဂျစ်ကစ္စတန်တို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရလဒ်ကောင်း ထပ်မံရယူနိုင်ရန် လိုအပ်နေသည်။
မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့် အရေးနိမ့်နေသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် အဆုံးသတ်အားနည်းနေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် နည်းစနစ်ပိုင်းအပြောင်းအလဲပြုလုပ်ခဲ့ရာ ဂိုးများရခဲ့ခြင်းဖြစ်ပြီး နှစ်ဂိုး စလုံးကို ငြိမ်းမင်းစိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၉ ရက် တွင် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပနေပြီး ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးခုနစ်သင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-MFF