အာရပ်စော်ဘွားများပြည်ထောင်စုရောက် မြန်မာနိုင်ငံသားများ ဒူဘိုင်းမြို့၌ ကြိုတင်ဆန္ဒမဲစတင်ပေးပြီး ဗန်ကောက်၊ စင်ကာပူနှင့် မော်စကိုမြို့တို့ရှိ မြန်မာသံရုံးသုံးရုံးတွင် ကြိုတင်ဆန္ဒမဲဆက်လက်ပေး


 

နေပြည်တော် အောက်တိုဘာ ၁၇


၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အာရပ်စော်ဘွား များပြည်ထောင်စု (United Arab Emirates-UAE)၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ဆော်ဒီအာရေဗျ နိုင်ငံ ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဒူဘိုင်းမြို့ရှိ Jumeirah Creekside ဟိုတယ်၌ ပြင်ပမဲရုံ သွားရောက်ဖွင့်လှစ် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။
ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံ၌ မဲဆန္ဒရှင် မြန်မာနိုင်ငံသား ၂၅၀ ခန့် ယနေ့ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး အောက်တို ဘာ ၁၈ ရက်တွင်လည်း မဲရုံဆက်လက် ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ယနေ့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြ ရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၆၇ ဦး၊ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၈၀၀ ခန့်နှင့် မော်စကိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်ရှစ်ဦးတို့ ကြိုတင် ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ များအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသော ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများအရ စနစ်တကျစီစဉ်၍ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များ ကလည်း စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများ ပေးခဲ့ကြသည်။
သို့ပါ၍ ယနေ့တွင် ပြင်ပမဲရုံတစ်ရုံနှင့် မြန်မာသံရုံး သုံးရုံးတို့၌ မဲဆန္ဒရှင်စုစုပေါင်း ၂၄၂၅ဦးခန့်တို့ ကြိုတင်ဆန္ဒမဲ များ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်