အာရှလမ်းမကြီးပေါ်ရှိ ရေတိုက်စားမှုကြောင့် မြေပြိုကျပျက်စီးသွားသည့်နေရာ၌ ယာယီဘေလီတံတားပြီးစီး၍ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီ

 

နေပြည်တော်   ဩဂုတ်   ၂၅


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် မြေပြိုကျပျက်စီးသွားသည့်နေရာ၌ ယာယီဘေလီတံတားပြီးစီး၍ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  သိရသည်။   


ပြီးခဲ့သည့် ဩဂုတ် ၁ ရက်မှစ၍ ကရင်ပြည်နယ်အတွင်း မိုးအဆက် မပြတ်ရွာသွန်းခဲ့ရာ ဩဂုတ် ၆ ရက်က မြေပြိုကျမှုဖြစ်ကာ သြဂုတ် ၇ ရက်တွင် တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၄၉) နှင့် (၁၅၀)ကြား၌ ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေ၊ ကတ္တရာခင်း ကားလမ်းအရှည်ပေ ၁၅၀ ခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် အဆိုပါနေရာတွင် တံတားခံနိုင်ဝန် ၅၅ တန်၊ ယာဉ် သွားလမ်းအကျယ် ၁၃ ပေ ၈ လက်မရှိ အရှည်ပေ ၇၀ နှင့် အကျယ် ၁၉ ပေ ၁၀ လက်မ သုံးလွှာတစ်ထပ်ဘေလီသံပေါင်တံတားကို သြဂုတ်  ၁၀ ရက်က စတင်တည်ဆောက်ခဲ့ရာ ပြီးစီးပြီဖြစ်၍ သြဂုတ် ၂၅ ရက်တွင် မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


“ပြီးခဲ့တဲ့ တစ်ပတ်က လမ်းကို ရေတိုက်စားလို့ ပြိုပျက်သွားတော့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်တန့်သွားတယ်။ ထိုင်း - မြန်မာ နယ်စပ် မြဝတီဟာ  ကုန်စည်စီးဆင်းမှုအများဆုံး၊ ကားတွေအများဆုံးသွားတဲ့ စခန်းတစ်ခု ဖြစ်တယ်။  ထိုင်း-မြန်မာနယ်စပ်ရဲ့   မြဝတီ-ကော့ကရိတ် လမ်းပိုင်းဟာ ယာယီရပ်သွားတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှုက လုံးဝ ရပ်သွားတယ်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကိုသွားတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ပြောင်း၊ ဆန်၊ ဆန်ကွဲ စတဲ့ပစ္စည်းတွေ ရပ်သွားတဲ့အပြင် ထိုင်း နိုင်ငံက   မြန်မာနိုင်ငံကိုလာတဲ့   စားကုန်သောက်ကုန်ပစ္စည်းတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေလည်း ပြည်တွင်းမှာ  တော်တော်လေး အခက်အခဲဖြစ်သွားတယ်။  အခုလို   လမ်းပြန်ဖွင့်တယ်ဆိုရင်တော့ ကုန်စည်စီးဆင်းမှုပြန်ပြီး မြန်ဆန်သွားမယ်။  ပြည်တွင်းမှာ ဈေးနှုန်း ကြီးမြင့်မှုတွေ ဖြစ်သွားတာလည်း ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ယုံကြည် ပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် တစ်ဦးက ပြောသည်။


ကော့ကရိတ်-မြဝတီအာရှလမ်းမတစ်လျှောက်ရှိ လမ်းပိုင်းပျက်စီး မှုများကို အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


mn