
ရန်ကုန် စက်တင်ဘာ ၂၇
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲ စတုတ္ထနေ့ကို စက်တင်ဘာ ၂၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအားကစားမယ် စန္ဒီဦး အဆင့် ၉ နေရာရရှိသည်။
စန္ဒီဦးသည် အမျိုးသမီး ကျန့်စု - ချန်းစုပြိုင်ပွဲ နှစ်ခုပေါင်း တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ပြီး အဆင့် ၉ နေရာသာရရှိခဲ့ခြင်း ဖြစ်သည်။ စန္ဒီဦးသည် ကျန့်စု ပြိုင်ပွဲတွင် ၉ ဒသမ ၂၆၆ မှတ်၊ ချန်းစုပြိုင်ပွဲတွင် ၉ ဒသမ ၆၇၀ မှတ် စုစုစုပေါင်း ၁၈ ဒသမ ၉၃၆ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံသူ လီရှောင်ရှောင်က ၁၉ ဒသမ ၆၀၀ မှတ်ဖြင့် ရွှေတံဆိပ်၊ အီရန်နိုင်ငံသူ ဇာရာက ၁၉ ဒသမ ၄၃၆ မှတ်ဖြင့် ငွေတံဆိပ်၊ ဗီယက်နမ်နိုင်ငံသူ ဒေါင်သွေဗီက ၁၉ ဒသမ ၄၂၆ မှတ်ဖြင့် ကြေးတံဆိပ် ရရှိသည်။
ယခု အာရှအားကစားပြိုင်ပွဲတွင် မြန်မာဝူရှူးအားကစားသမား လေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လေးဦးစလုံး ဆုတံဆိပ်နှင့် လွဲချော် ခဲ့သည်။ မြန်မာဝူရှူးအားကစားသမားများဖြစ်သည့် စွမ်းရည်ထက်နိုင်၊ စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်နိုးအိမ်တို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - ဝူယွမ်တန်