အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် အိန္ဒိယ နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲ ယနေ့ကစားမည်

 

ရန်ကုန်  စက်တင်ဘာ  ၂၃


တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုတတိယနေ့ ကို စက်တင်ဘာ ၂၄ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ နောက်တစ်ဆင့်တက်ရောက်ရေး   အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


အမျိုးသားဘောလုံးပြိုင်ပွဲကို   အုပ်စုခြောက်ခုခွဲ၍  ကျင်းပလျက် ရှိပြီး ဒုတိယနေ့အပြီးတွင် အိမ်ရှင်တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အသင်းသာ နောက်တစ်ဆင့်တက်ရောက်ထားပြီး  ကျန် ၁၃  နေရာ အတွက် နောက်ဆုံးပွဲများက အဆုံးအဖြတ်ဖြစ်နေသည်။ အုပ်စုခြောက်ခု မှ ထိပ်ဆုံးနှစ်သင်းစီနှင့်  တတိယနေရာရအသင်းများအနက် အကောင်း ဆုံးလေးသင်း၊ စုစုပေါင်း ၁၆ သင်း   နောက် တစ်ဆင့်တက်ရောက်ခွင့်ရမည်ဖြစ်ရာ   အုပ်စု (ဂ) တွင် နှစ်သင်းသာ ပါဝင်သဖြင့် အကောင်း ဆုံးအုပ်စု တတိယနေရာ လေးနေရာအတွက် ငါးသင်းသာယှဉ်ပြိုင်ရမည်ဖြစ်ပြီး    မြန်မာ အသင်းအနေဖြင့်    အခွင့်အရေးရှိနေခြင်းဖြစ် သည်။   
အုပ်စုနောက်ဆုံးပွဲများကို    တစ်ချိန်တည်း ကစားမည်ဖြစ်ပြီး  အုပ်စု  (က)  နောက်ဆုံး ပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း၊ အိမ်ရှင်တရုတ်အသင်းနှင့်     ဘင်္ဂလားဒေ့ရှ် အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယ နေ့အပြီးတွင် တရုတ်အသင်းက ခြောက်မှတ် ဖြင့် နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရောက် သွားပြီး အိန္ဒိယနှင့် မြန်မာအသင်းက သုံးမှတ်စီ၊ ဘင်္ဂလားဒေ့ရှ်အသင်းက အမှတ်မရသေးပေ။
မြန်မာအသင်းသည်   အိန္ဒိယအသင်းနှင့် ရမှတ်၊ ဂိုးကွာခြားချက်    တူညီသော်လည်း    သွင်းဂိုး နည်းနေသဖြင့်      တတိယနေရာရောက်ရှိ နေရာ  အနိုင်ကစားနိုင်မှသာ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်      တက်ရောက်ခွင့်ရမည် ဖြစ်သည်။ သရေ သို့မဟုတ် ရှုံးပွဲကြုံတွေ့ပါက အကောင်းဆုံးအုပ်စုတတိယနေရာ လေးသင်း အတွက် အခြားအုပ်စုရလဒ်များကို စောင့်ကြည့် ရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအနေအထား အရ နောက်တစ်ဆင့်တက်ရောက်ရန်   အခွင့် အရေးရှိနေပြီး ရလဒ်ကောင်းရယူနိုင်ရန်သာ လိုအပ်နေသည်။                             
ရဲရင့်လွင်