အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

နေပြည်တော်    ဇန်နဝါရီ   ၁၃   


အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များ အပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ    ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေးကို  ယနေ့  မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၌    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 


အစည်းအဝေးသို့   ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့   (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးအဖွဲ့  (Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံ တော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေ ဦးဆောင်၍     အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊  ဥပဒေရေးရာဝန်ကြီးဌာန၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီး ဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။


 ဆက်လက်၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာ တွင် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် များကို ဖော်ထုတ်ခြင်းနှင့်  ယင်းအန္တရာယ်များကို နားလည်စေရေးအတွက်   ကြီးကြပ်ရေးအာဏာပိုင် များနှင့်    ညှိနှိုင်းအစည်းအဝေးများ  ပြုလုပ်ခြင်း၊ ကုမ္ပဏီအဖွဲ့အစည်းများ (Legal Persons) နှင့် စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေးကော်မတီ   ဖွဲ့စည်းခြင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများ နှင့်   ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ရုံးထိုင်စစ်ဆေးခြင်းနှင့် ကွင်းဆင်း စစ်ဆေးရေး အစီအမံများပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေးရေး      ဆောင်ရွက်ထားရှိမှု၊ တရားမဝင်   ငွေလွှဲလုပ်ငန်းဆောင်ရွက်သူများကို အရေးယူဆောင်ရွက်မှု၊      ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့၏     အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများကို ဖော်ထုတ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန် ရာမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား စီမံခန့်ခွဲမှု ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊     အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ    ဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြား သေကျေစေသော   လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး နှင့်   သက်ဆိုင်သည့်  အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို  နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။      

      သတင်းစဉ်