အာဖရိကဦးချိုဒေသ၌ မိုးခေါင်ခြင်းက ကလေးများကို ပိုမိုဒုက္ခရောက်စေသည်ဟု ကုလသမဂ္ဂပြော

 

ဂျီနီဗာ  ဒီဇင်ဘာ  ၂၄
အီသီယိုးပီးယား၊  ကင်ညာနှင့်  ဆိုမာလီယာနိုင်ငံတို့၌   ဆိုးရွားပြင်းထန်သည့် မိုးခေါင်မှုကို  ခံစားရသည့် ကလေးအရေအတွက်မှာ ပြီးခဲ့သည့်ငါးလတာအတွင်း  နှစ်ဆဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ထားသည်။ 
အဆိုပါနိုင်ငံများမှ  ကလေးပေါင်း ၂၀ ဒသမ ၂ သန်းဝန်းကျင်သည်   ယခုအခါ   ပြင်းထန်သည့် ငတ်မွတ်ခေါင်းပါးမှု၊   ရေငတ်ခြင်း၊   အခြားသော ရောဂါများနှင့်  ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က ပြောသည်။ 
ယင်းအရေအတွက်သည်     ဇူလိုင်လကနှင့် နှိုင်းယှဉ်လျှင်  ၁၀   သန်းခန့်  များပြားလာခြင်း ဖြစ်သည်။  ရာသီဥတုပြောင်းလဲခြင်း၊   ပဋိပက္ခနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ  ငွေကြေးဖောင်းပွမှုနှင့်  ဂျုံ၊ စပါး ဆိုးရွားစွာပြတ်လပ်ခြင်းတို့က အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ အီသီယိုးပီးယား၊ ကင်ညာ နှင့် ဆိုမာလီယာတို့တွင် ကလေးပေါင်း  နှစ်သန်း နီးပါးမှာ  ပြင်းထန်သော    အာဟာရချို့တဲ့မှုနှင့် ကြောက်မက်ဖွယ် ဆာလောင်မှုတို့အတွက်ချက်ချင်း ကုသမှုလိုအပ်ကြောင်း  ယူနီဆက်ဖ်က ပြောသည်။ 
မိုးခေါင်မှုကြောင့်  ကလေးပေါင်း ခန့်မှန်းခြေ အားဖြင့် ၂ ဒသမ ၇သန်းခန့်မှာ ကျောင်းထွက်ခဲ့ရပြီး အခြားသောအခြေအနေများအောက်တွင် ကလေး လေးသန်းမှာလည်း ကျောင်းထွက်ရမည့်အခြေအနေ များအောက်တွင်  ရောက်ရှိနေသည်။ မိသားစုများမှာဖိအားများတိုးလာသည့်အတွက်    ကလေးများ သည်  ကလေးလုပ်သားများအဖြစ်   သိမ်းသွင်းခံရ ခြင်းနှင့် ကလေးအရွယ်တွင်ပင် လက်ထပ်ပေးခံရမှု များနှင့်  ရင်ဆိုင်လာရသည်ဟု   ယူနီဆက်ဖ်က ပြောသည်။ 
အာဖရိကဦးချိုဒေသရှိ      ကလေးများအတွက် နောက်ထပ်ဆိုးရွားသော   အခြေအနေများ ဖြစ်ပေါ် မလာစေရန်    တစ်ကမ္ဘာလုံးက   ဝိုင်းဝန်းအားထုတ် ကြရန်      လိုအပ်သည်ဟုလည်း    ယူနီဆက်ဖ်မှ  ဒေသဆိုင်ရာ   ဒုတိယညွှန်ကြားရေးမှူး    လီကီဗန် ဒီဝီရယ်က ပြောသည်။  
ဆင်ဟွာ