
နယူးဒေလီ စက်တင်ဘာ ၉
အာဖရိကသမဂ္ဂ (အေယူ) အား အမြဲတမ်းအဖွဲ့ဝင် အဖြစ် ခန့်အပ်ရန် ဂျီ-၂၀ အဖွဲ့ဝင်က စက်တင်ဘာ ၉ ရက်တွင် သဘောတူညီလိုက်ပြီဖြစ်သည်။
နယူးဒေလီမြို့၌ နှစ်ရက်ကြာ ကျင်းပလျက် ရှိသည့် ဂျီ - ၂၀ ထိပ်သီးအစည်းအဝေး၏ အဖွင့် အစည်းအဝေးတွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ကိုမိုရို့စ် ပြည်ထောင်စုသမ္မတနှင့် လက်ရှိ အာဖရိကသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ အဇာလီအက်ဆူ မာနီသည် ဂျီ - ၂၀ အစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၅၅ နိုင်ငံကို ကိုယ်စားပြုသည့် ၎င်း၏ ကိုယ်စားလှယ်နေရာကို ရယူခဲ့သည်။
ဂျီ - ၂၀ အဖွဲ့သည် ၁၉၉၉ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ဘဏ္ဍာရေးနှင့် စီးပွားရေးနယ်ပယ် များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကဖိုရမ်တစ်ခုဖြစ်သည်။ ယခင်က နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ပါဝင် သည်။
ဂျီ - ၂၀ ၏ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရခြင်းသည် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် မူဝါဒချမှတ်မှုများအပေါ် အာဖရိကပြည်သူများ၏ ကိုယ်စားပြုမှုနှင့် ခိုင်မာသော ရပ်တည်မှုအတွက် သတင်းကောင်းပင်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ ကော်မရှင်၏ မိတ်ဖက်စီမံခန့်ခွဲမှုနှင့် အရင်းအမြစ် စည်းရုံးရေး ညွှန်ကြားရေးမှူး စတိဗ်ပက်ထရစ် လာလန်ဒီက ဆိုသည်။
ဆင်ဟွာ