
ကဘူးလ် မတ် ၂၂
အာဖဂန်နစ္စတန်နိုင်ငံ၌ စာသင်နှစ်တစ်နှစ်စတင်ပြီဖြစ်သော်လည်း အမျိုးသမီးများမပါဝင်ကြောင်း။ တာလီဘန်တို့သည် ဆဋ္ဌမတန်းကျော်လွန်သည့် အမျိုးသမီးကျောင်းသူများကို ကျောင်းတက်ခွင့် တားမြစ်ထားကြောင်း၊ ထိုသို့ တားမြစ်ခြင်းကြောင့် နိုင်ငံတကာဝေဖန်မှုများ မြင့်တက်ကြောင်း နိုင်ငံ တကာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အာဖဂန်နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် စာသင်နှစ်အတွက် အတန်းများကို ယခုသီတင်းပတ် တွင် စတင်မည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က တာလီဘန်ကြားဖြတ်အစိုးရ ကိုယ်စားလှယ်များသည် ကဘူးလ်၌ အတန်းများ စတင်ရန်အတွက် အခမ်းအနားတစ်ခုသို့ တက်ရောက် ခဲ့သည်။ အတန်း၌ ပထမဦးစားပေးအချက်မှာ အစ္စလာမ်ဘာသာဆိုင်ရာလေ့လာမှုများနှင့် ယုံကြည် မှုများဖြစ်ပြီး ယင်းနောက် သိပ္ပံဘာသာရပ်များဖြစ် ကြောင်း ခေတ္တဒုတိယဝန်ကြီး အက်ဒယ်ဆလမ်ဟာ နဖီက ပြောကြားသည်။
တာလီဘန်တို့သည် အမျိုးသမီးများအား အဆင့် မြင့်ပညာသင်ကြားခြင်းကို တားမြစ်ထားသည်။ အဆိုပါတားမြစ်ချက်ကို အလွန်စိတ်ပျက်မိကြောင်း၊ တာလီဘန်တို့က မိမိတို့အား အတန်းများတက်ရောက် ခွင့်ပြုမည်ဟု မျှော်လင့်ကာ အိတ်တစ်လုံးနှင့် ယူနီဖောင်းတစ်စုံ ပြင်ဆင်ထားကြောင်းနှင့် အာဏာ ပိုင်များက ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးက ဆိုသည်။
အင်န်အိတ်ချ်ကေ