
ကဘူးလ် စက်တင်ဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတကာလေကြောင်းလိုင်းများ မကြာမီ ပြန်လည်ပြေးဆွဲသွားနိုင်ရန် လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း အဆိုပါလေဆိပ်မှ ညွှန်ကြားရေးမှူး အဗ္ဗဒူဟာဒီဟာမာဒနီက ယနေ့ ပြောကြားသည်။
လက်ရှိအချိန်၌ အဆိုပါလေဆိပ်တွင် ပြည်တွင်း လေကြောင်းခရီးစဉ်များကို ပြေးဆွဲလျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပြီးပါက နိုင်ငံတကာလေကြောင်းလိုင်း များ ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ၎င်းက မီဒီယာများအား ပြောကြားသည်။
အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန် နိုင်ငံမှ ဆုတ်ခွာချိန်နှင့် အမေရိကန်နိုင်ငံသားများနေရပ်ပြန်ချိန်တွင် ကဘူးလ်လေဆိပ်၏အဆောက် အအုံအများအပြားသည် တိုက်ခိုက်မှုများဖြစ်ပွား သဖြင့် ပျက်စီးခဲ့ကြောင်း ၎င်းကပြောကြားသည်။
ကာတာ၊ ဘာရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် ပါကစ္စတန်နိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ သယ်ဆောင်လာသောလေယာဉ်များသည် ကဘူးလ် လေဆိပ်သို့ ရောက်ရှိလာကြောင်းနှင့် ရုရှားနှင့် တူရကီနိုင်ငံများမှ အဆိုပါလေယာဉ်များလည်း မကြာမီရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာရန် ရှိကြောင်း ၎င်းကပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ