
ကဘူးလ် ဩဂုတ် ၂၇
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ချုပ်ကိုင်ပြီးနောက် လုံခြုံရေးအခြေအနေများ ဆိုးရွားလျက်ရှိရာ ဥရောပနိုင်ငံအချို့သည် အာဖဂန်နစ္စတန်တွင် ရောက်ရှိနေသည့် ၎င်းတို့ နိုင်ငံသားများနှင့် ဒေသခံဝန်ထမ်း များကို ကယ်ထုတ်နေမှုအား အဆုံးသတ်သွားပြီဟု ကြေညာခဲ့သည်။
အမေရိကန်တပ်များ အာဖဂန်မြေပေါ်မှ ဆုတ်ခွာ မည့်အချိန်ကို ဩဂုတ် ၃၁ ရက်ဟု ရက်သတ်မှတ် ပြီးနောက် ယခုလို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ကဘူးလ်မြို့တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ် ပေါ်ပြီးနောက် အာဖဂန်နစ္စတန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အန္တရာယ်ကြီးမား လှကြောင်း ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးမြောက်ရန် အတွက် စစ်ဘက်သုံးလေယာဉ်များကို အသုံးပြုခဲ့ ကြောင်း ဂျာမနီအစိုးရက ဩဂုတ် ၂၆ ရက်တွင် ပြော သည်။ ဂျာမနီအစိုးရအနေဖြင့် လေယာဉ်ဖြင့်ခေါ်ဆောင်မပေးနိုင်သည့်လူများကို မေ့လျော့ထားမည် မဟုတ်ဘဲ ၎င်းတို့ကို ကယ်ထုတ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အင်ဂျလာမာကယ်က ၎င်းတို့အစိုးရအဖွဲ့အနေ ဖြင့် တာလီဘန်များနှင့် ညှိနှိုင်းမှုပြုလုပ်နေပြီး ရှေ့ဆက် မည်သို့လုပ်ဆောင်ရမည်ကို အပြည်ပြည် ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိသည်ဟု လည်း ပြောသည်။
ယခုရက်ပိုင်းအတွင် နေရာရွှေ့ပြောင်းပေးရန် ကျန်ရှိသူများကို ကယ်ထုတ်နိုင်ရေးအတွက်လည်း အဘက်ဘက်မှ အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောသည်။
ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံတို့သည် လည်း ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး သွားပြီဟု ကြေညာခဲ့ကြသည်။
အင်န်အိတ်ချ်ကေ