အားလုံးပါဝင် စားသုံးသူအခွင့်အရေး လှုပ်ရှားမှုများတွင်

Type

 

ဟန် 
 

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့
နှစ်စဉ် မတ်လ ၁၅ ရက်နေ့တိုင်းတွင်    စားသုံးသူ လှုပ်ရှားမှုအဖြစ် World Consumer Rights Day “ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့”ကို     ကျင်းပလေ့ ရှိပြီး    ကမ္ဘာလုံးဆိုင်ရာ    စားသုံးသူအခွင့်အရေး၊ စားသုံးသူကာကွယ်ရေးနှင့်  စွမ်းဆောင်နိုင်မှုများကို အသိပညာမြှင့်တင်ပေးသည့် အလွန်အရေးပါသည့် နေ့တစ်နေ့ဖြစ်သည်။ အဆိုပါနေ့သည် မိမိအနေဖြင့် ပစ္စည်းများကို ဝယ်ယူသည့်အခါ မိမိ၏ အခွင့်အရေး များအကြောင်းကို မိမိကဲ့သို့ လူများကို  သိနားလည် ရန်    လုပ်ဆောင်ရမည့်နေ့ဖြစ်သည်။    စားသုံးသူ အခွင့်အရေးဆိုသည်မှာ      သင်ဝယ်ယူလိုသည့် ဝန်ဆောင်မှု(သို့မဟုတ်) ပစ္စည်းများနှင့်ပတ်သက်၍ အရေးကြီးသည့်အရာများဖြစ်သည့် အရည်အသွေး၊ ဈေးနှုန်းနှင့်စိတ်ချလုံခြုံမှုတို့ကို      သိရှိနိုင်ခွင့် ရှိသည်။ တစ်နည်းအားဖြင့်  World Consumer Rights Day  သည်   လူတိုင်းအတွက်    တရားမျှတ၊ ဘေးကင်းပြီး ရေရှည်တည်တံ့သော စျေးကွက်တစ်ခု အတွက် စားသုံးသူများ၏ စွမ်းအားနှင့်   ၎င်းတို့၏ အခွင့်အရေးများကို     မီးမောင်းထိုးပြနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို   ဂုဏ်ပြုခြင်း သည်    စားသုံးသူအားလုံး၏   အခွင့်အရေးကို လေးစားကာကွယ်ရန်၊   စျေးကွက်ချိုးဖောက်မှုများ နှင့် ထိုအခွင့်အရေးများကို  ထိခိုက်စေသည့် လူမှုရေး မမျှတမှုများကို  ဆန့်ကျင်ဆန္ဒပြရန်   အခွင့်အရေး တစ်ခုဖြစ်သည်။ လူအများစုသည်    စားသုံးသူများ အနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို    သတိမပြု မိကြသောကြောင့်   ယခုကဲ့သို့   ကျင်းပခြင်းဖြင့် အဆိုပါ အကာအကွယ်တောင်းဆိုပိုင်ခွင့်ကို အခြား သူများအား သတိပြုမိစေရန်နှင့်   စျေးကွက်အတွင်း မသမာသောလှုပ်ရှားမှုများမှ   ကင်းဝေးစေနိုင်မည် ဖြစ်သည်။ 
ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့သမိုင်း
စားသုံးသူအခွင့်အရေးဆိုသည်မှာ    ကုန်ပစ္စည်း အမျိုးမျိုး၊  ကုန်ပစ္စည်းများနှင့်   ဝန်ဆောင်မှုများကို ဝယ်ယူသူတိုင်းသည်   ထိုထုတ်ကုန်များ၏   အရည် အသွေး၊  သန့်ရှင်းမှု၊   ဈေးနှုန်းနှင့်    စံချိန်စံညွှန်း ဆိုင်ရာ အချက်အလက်များကို ရရှိပိုင်ခွင့်ရှိသည်။ ထို့ပြင် စားသုံးသူအား ကုန်သွယ်မှု၏ မမျှတသော အလေ့အထများမှ  အကာအကွယ်ပေးမှုဖြစ်သည်။
World Consumer Rights Day ကို ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အမေရိကန်ကွန်ဂရက်သို့ အထူးသဝဏ်လွှာ  ပေးပို့ခဲ့သော   သမ္မတ John F Kennedy က စားသုံးသူအခွင့်အရေးဆိုင်ရာ ကိစ္စရပ် များကို တရားဝင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏ မိန့်ခွန်းတွင်   အရေးကြီးသည့်   အခွင့်အရေးလေးခု ဖြစ်သည့် ဘေးကင်းရန်အခွင့်အရေး၊   သိပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်နှင့်    ကြားနာခွင့်များအကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။   ၎င်းသည်    စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်၍  လှုပ်ရှားဆောင်ရွက် သည့် ပထမဆုံးသော ကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။ စားသုံးသူလှုပ်ရှားမှုကို    စတင်ဆောင်ရွက်သည့် အဆိုပါရက်စွဲကို စားသုံးသူအခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ၁၉၈၃ ခုနှစ်တွင် ပထမဆုံး  စတင် ကျင်းပခဲ့သည်။ ယခုအခါ အရေးကြီးသော ကိစ္စရပ် များနှင့် လှုပ်ရှားမှုကမ်ပိန်းများ    လုပ်ဆောင်ရန် နှစ်စဉ်နှစ်တိုင်း အဆိုပါနေ့ကို သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။ 
ထို့ကြောင့်     စားသုံးသူအခွင့်အရေးကာကွယ် သည့်လုပ်ငန်းသည် လူတန်းစားအလွှာအသီးသီးနှင့် သက်ဆိုင်သည့်အတွက်     အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းမှကြီးမှူး၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ် လျက်ရှိသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ၂၀၂၄ ဆောင်ပုဒ်
နှစ်စဉ်     ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို ဂုဏ်ပြုရန်အတွက် စားသုံးသူအားလုံးနှင့် ပတ်သက် သည့်    မတူညီသော  အကြောင်းအရာများကို ဖြေရှင်းပေးသည့် သီးခြားဆောင်ပုဒ်တစ်ခု   ရှိပါ သည်။   ၂၀၂၁ ခုနှစ်၌    ပလတ်စတစ်အလွန်အကျွံ ပြဿနာကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်ုပ်တို့ ဝယ်ယူသည့်အရာများ အထူးသဖြင့်   ပလတ်စတစ် ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို မည်သို့ ထိခိုက်စေနိုင်သည်ကို လူအများနားလည်စေရန် အသိပေးခြင်းအနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။  ယခုနှစ် ၂၀၂၄ ခုနှစ်တွင်  ကျင်းပမည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ (World Consumer Rights Day 2024) ဆောင်ပုဒ်မှာ   “မျှတအလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြုဉာဏ်ရည်တု”  ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၁ ရာစုအလွန် ယနေ့ခေတ်ကာလတွင်   နေ့စဉ် နှင့်အမျှ မတူညီသော နည်းပညာ အသစ်အဆန်း များနှင့်   တီထွင်ဆန်းသစ်မှုများ  များပြားလာသည် ဖြစ်ရာ အမျိုးမျိုးသော နည်းပညာများအနက် မရှိ မဖြစ်    လူသားများ    နေ့စဉ်ထိတွေ့နေရသော နည်းပညာမှာ AI (Artificial Intellengence) ခေါ်  ဉာဏ်ရည်တုနည်းပညာဖြစ်သည်။   လူသားတို့ နေ့စဉ်အသုံးပြုနေရသည့်    smart     phone၊ computer စသည့် နေ့စဉ် လူနေမှုဘဝ၏ မရှိမဖြစ် ပစ္စည်းများမှာ AI  နည်းပညာနှင့်    မကင်းပေ။ အင်တာနက်စာမျက်နှာများတွင်    အချက်အလက် များကို  ရှာဖွေဖတ်ရှုချင်သည်ဖြစ်စေ၊ Youtube Netflix များ၌   ရုပ်ရှင်ဇာတ်လမ်းများ   ကြည့်ရှု သည်ဖြစ်စေ၊ Amazon ကဲ့သို့    အွန်လိုင်းကနေ စျေးဝယ်ယူခြင်းမျိုးဖြစ်စေ  လူအများ၏  နေ့စဉ် လုပ်ဆောင်ချက်များနောက်ကွယ်၌     Artificial Intelligence ရှိနေသည်။
ဉာဏ်ရည်တုသည်        ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပုံသဏ္ဌာန် ပိုမိုပုံဖော်လာသည် နှင့်အမျှ၊ မျိုးဆက်သစ် AI နည်းပညာ၏ အောင်မြင် မှုများသည် ဒစ်ဂျစ်တယ်ကမ္ဘာကို အရှိန်အဟုန်ဖြင့် သိမ်းပိုက်ခဲ့သည်။    သတင်းမှားများ၊    ကိုယ်ရေး ကိုယ်တာ ချိုးဖောက်မှုများနှင့် ခွဲခြားဆက်ဆံသည့် အလေ့အထများသည်  နောင်ကာလများအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပြီး  AI   နည်းပညာဖြင့် ဝန်ဆောင်မှုပေးနေသော   ပလက်ဖောင်းများသည် မှားယွင်းသော အချက်အလက်များကို ဖြန့်ကြက်ပြီး ဘက်လိုက်မှုများ ဆက်လက်ဖြစ်ပေါ်စေနိုင်သည်။ တရားမျှတပြီး တာဝန်သိသည့်    AI နည်းပညာ ဖြစ်လာစေရန် အဆိုပါ ပြဿနာတွေကို    မြန်မြန် ဆန်ဆန် ဖြေရှင်းရမည်ဖြစ်သည်။
ထို့ပြင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာပြီး ခေတ်စနစ်များ ပြောင်းလဲလာသည့်အတွက် စားသုံး သူများ၏ အခွင့်အရေးများကိုလည်း ခေတ်နှင့်အညီ တိုးမြှင့်ကာကွယ်ပေးသွားနိုင်ရန် လိုအပ်လာသည်။ ယနေ့ခေတ်တွင်     ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူ လူသားများအတွက်  တရားမျှတမှုရှိရမည် ဖြစ်သလို တစ်ဖက်၌လည်း စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်    ဝန်ဆောင်မှုများ၊    ကုန်စည်များ ပေးအပ်သည့်အခါ မိမိတို့ တာဝန်ယူရမည့် ကိစ္စရပ် များကို  သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန်   လိုအပ် သည်။   ထိုကဲ့သို့     လိုက်နာဆောင်ရွက်မှသာ ဉာဏ်ရည်တု    နည်းပညာသည်   လူသားများအား အကျိုးပြုသည့် နည်းပညာတစ်ရပ်   ဖြစ်လာမည် ဖြစ်သည်။  ထိုကဲ့သို့    ဉာဏ်ရည်တုနည်းပညာကို ကိုင်တွယ်ဖြေရှင်းရန်    အရေးပါလာသည့်အတွက် ယခုနှစ်၌    အလေးပေး   ဆောင်ရွက်သွားမည် ဖြစ်သည်။ 
ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့၏ အရေးပါမှု
စားသုံးသူအခွင့်အရေးနေ့ကို ဂုဏ်ပြုခြင်းသည် စားသုံးသူအားလုံး၏အခွင့်အရေးကို     လေးစား ကာကွယ်ရန်၊ တောင်းဆိုရန်နှင့် ယင်းအခွင့်အရေး များကို ထိခိုက်စေသည့်    လူမှုရေးမမျှတမှုများကို ဆန့်ကျင်ကန့်ကွက်ရန် ဖြစ်သည်။ ယနေ့ခေတ်တွင် သင့်အား စမတ်ကျသောစျေးဝယ်သူဖြစ်ရန်အတွက် ပစ္စည်းကိရိယာများကို   ထောက်ပံ့ပေးထားသည်။ အချို့သော ကုမ္ပဏီများသည် လူအများကို လှည့်စား ရန် သို့မဟုတ် အခွင့်ကောင်းယူရန်    ကြိုးစားသည့် အချိန်အခါတွင် သင်၏စားသုံးသူအခွင့်အရေးကို သိရှိခြင်းက သင့်အားပြတ်သားစွာ ရပ်တည်နိုင်ပြီး ကောင်းမွန်သော  ဆုံးဖြတ်ချက်များချနိုင်ရန်   ကူညီ ပေးမည်ဖြစ်သည်။
၁၉၇၀ ပြည့်နှစ် နောက်ပိုင်းနှစ်များတွင်    ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက် ကြောင့်    စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုသည် နိုင်ငံတကာအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ် ဧပြီ ၉ ရက်တွင်    ကုလသမဂ္ဂအထွေထွေ ညီလာခံမှ   ဆုံးဖြတ်ချက်    အမှတ်(၃၉/၂၄၈)ဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာမူဝါဒ (၈)ခု ချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံနိုင်ငံများ  အနေဖြင့် လည်း  ၂၀၀၇ ခုနှစ်တွင်    အာဆီယံစားသုံးသူ ကာကွယ်ရေး ညှိနှိုင်းမှုကော်မတီကို    ဖွဲ့စည်းနိုင်ခဲ့ သည်။ မြန်မာနိုင်ငံသည်    အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ     အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို   လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။                                                                  
ကွဲပြားမှုတစ်ခုပြုလုပ်ခြင်း
၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့သည် ဘေးကင်းရေး၊ ပွင့်လင်းမြင်သာမှုနှင့် ပညာပေးရေး ဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရန်၊ စားသုံးသူဗဟို ပြု မူဝါဒများနှင့်ပတ်သက်၍ ဦးစားပေး အစီအစဉ် များကို  ပြန်လည်ချိန်ညှိရန်    အနာဂတ်အတွက် မျှော်လင့်ချက်    ပြန်လည်အသက်ဝင်လာမည်ဖြစ် သည်။ 
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် မတ် ၁၅ ရက် တွင်  ကျရောက်မည့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့   အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူ ရေးရာဦးစီးဌာနမှ ပြည်နယ်နှင့်    တိုင်းဒေသကြီးများ တွင်  စည်ကားသိုက်မြိုက်စွာ   ကျင်းပသွားမည်ဖြစ် သည်။
စားသုံးသူအကာအကွယ်ပေးရေး ဆောင်ရွက်မှု 
စားသုံးသူများသည်  တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များ သို့မဟုတ်  စားသုံးသူ များအပေါ်   မရိုးသားစွာ   အမြတ်ထုတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့်    ပြန်လည်ဖြေရှင်းရန် တောင်းဆိုပိုင်ခွင့်ရှိသည်။     စားသုံးသူတစ်ဦး၏ မကျေနပ်ချက်များကိုတရားမျှတစွာ     ဖြေရှင်းနိုင်ခွင့်     လည်းရှိပြီး     မကျေနပ်ချက်ရှိပါက    တရားဝင် တိုင်ကြားနိုင်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏      လမ်းညွှန်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေ၌   စားသုံးသူ၏ အခြေခံ အခွင့်အရေး (၈)ရပ်အား ပြဋ္ဌာန်းထားသည်။ အဆိုပါ အခွင့်အရေး(၈)ရပ်မှာ-
     (၁)    စားသုံးသူများအတွက် ကုန်စည်  သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍     အခြေခံ လိုအပ်ချက်များပေါ်တွင်  စိတ်ကျေနပ်မှု ရရှိစေခြင်း၊
    (၂) ကုန်စည်   သို့မဟုတ်   ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရှိခြင်း၊
    (၃) ကုန်စည်   သို့မဟုတ်   ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ် သောသတင်း အချက်အလက်များ ပြည့်စုံ မှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား   ရယူခွင့်ရှိခြင်း၊
    (၄) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍   စားသုံးသူ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊
    (၅)    စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်  ရှင်းလင်းတင်ပြခွင့်နှင့် 
        တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊
    (၆)    ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုခြင်းကြောင့်  ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစား ခွင့်ရရှိခြင်း၊
    (၇)    ကုန်စည်   သို့မဟုတ်   ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက် အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊
    (၈)    ပစ္စုပ္ပန်တွင်သာမက   အနာဂတ်မျိုးဆက် များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်   ပတ်ဝန်းကျင် တွင်  နေထိုင်နိုင်ခွင့်ရရှိစေခြင်း      စသည့် အချက်များဖြစ်သည်။ 
၎င်းအခွင့်အရေး(၈)ရပ်နှင့်အညီ   ချိုးဖောက်ခံ ရပါက စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ကို    စားသုံးသူရေးရာဦးစီးဌာနသို့    တိုင်ကြား နိုင်သည်။
စားသုံးသူ၏အခွင့်အရေးများအတွက် ပြင်ဆင် ကာကွယ်ပေးထားသလို  စားသုံးသူများ၌လည်း တာဝန်ရှိပါသည်။ ၎င်းတာဝန်များမှာ    အောက်ပါ အတိုင်းဖြစ်သည်-
    (က)        ကုန်စည်  သို့မဟုတ်    ဝန်ဆောင်မှုနှင့်
            စပ်လျဉ်းသည့် သတင်းအချက်အလက်
            နှင့်လမ်းညွှန်ချက်များအတိုင်း    လိုက်နာ
            ဆောင်ရွက်ခြင်း၊
    (ခ)        ကုန်စည်  သို့မဟုတ်     ဝန်ဆောင်မှုကို 
            ရွေးချယ်ဝယ်ယူရာတွင်   သဘောတူညီ
            ထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊
    (ဂ)        စီးပွားရေးလုပ်ငန်းရှင်အပေါ်     ထိခိုက် 
            နစ်နာစေရန် ရည်ရွယ်၍    မဟုတ်မမှန်
            စွပ်စွဲပြောဆိုမှု၊  ပြုလုပ်မှုတို့ကိုရှောင်ကြဉ် 
            ခြင်း၊
    (ဃ)        အငြင်းပွားမှုကို   ညှိနှိုင်းဖြေရှင်းနေစဉ်
            လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်
            ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ
            သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ်
            ထိခိုက်နစ်နာစေရန်   မဟုတ်မမှန်ပြော
            ဆိုခြင်း၊ ရေးသားခြင်းနှင့်  ပြုမူခြင်းတို့ကို
            ရှောင်ကြဉ်ခြင်း။
၎င်းအချက်များကိုလည်း စားသုံးသူများအနေ ဖြင့် ဝန်ဆောင်မှုပေးမည့် စီးပွားရေးလုပ်ငန်းများ အပေါ်အပြန်အလှန် လိုက်နာဆောင်ရွက်ရန် လိုအပ် ပါသည်။
၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့်   ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအား   စားသုံးသူကာကွယ်‌ရေး လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန် တာဝန်ခံ ဝန်ကြီးဌာနအဖြစ်   တာဝန်ပေးအပ်ခဲ့ပြီး  အဆိုပါ လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနအဖြစ် လည်းကောင်း၊    ၂၀၁၅ ခုနှစ်တွင်       ကုန်သွယ်မှု မြှင့်တင်ရေးနှင့်       စားသုံးသူရေးရာဦးစီးဌာန အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး  ၂၀၁၆ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ  ပိုမိုထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအဖြစ်   သီးခြားပြောင်းလဲ ဖွဲ့စည်းကာ    စားသုံးသူ အကာအကွယ်ပေးရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် အခန်း (၁၅)ခန်း ပုဒ်မ ၈၄ ခုဖြင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေများကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် အခန်း(၁၆)ခန်း၊ အပိုဒ် ၁၂၆ ပိုဒ် ဖြင့်လည်းကောင်း     ပြဋ္ဌာန်းခဲ့ပြီး စံလုပ်ငန်း လမ်းညွှန်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်စွဲဖြင့် ရေးဆွဲ၍    တိုင်ကြားမှုများကို လက်ခံ ဖြေရှင်းအရေးယူ  ဆောင်ရွက်ပေးလျက်ရှိသည်။
စားသုံးသူအခွင့်အရေးများနှင့်   ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနက     ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသကဲ့သို့   စားသုံးသူ   ပြည်သူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာ ရရှိနိုင်မည် ဖြစ်ပါသည်။ အခန်း(၁၉) ပုဒ်မ ၄၄ တွင် စားသုံးသူ ပြည်သူများ    ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် အခွင့်အရေး ပေးထားသည်။ ပုဒ်မ ၄၄ အရ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် စားသုံးသူ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို   တိုင်ကြား  လိုပါက   လူကိုယ်တိုင်သော်လည်းကောင်း၊      လူထု ဆက်သွယ်ရေးနည်းလမ်း      တစ်ခုခုဖြင့်သော် လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေ အထောက်အထားနှင့်အတူ   တိုင်ကြားနိုင်သည်။ ထိုသို့တိုင်ကြားရာတွင် နစ်နာသည့်     စားသုံးသူ ကိုယ်တိုင်သော်လည်းကောင်း၊     နစ်နာသည့် စားသုံးသူ၏ မိသားစုဝင်များကသော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူနှင့် ဆက်နွှယ်သော   ပုဂ္ဂိုလ် များကသော်လည်းကောင်း၊   အစိုးရဌာန    အဖွဲ့ အစည်းများကသော်လည်းကောင်း၊       စားသုံးသူ ဆိုင်ရာ      အသင်းအဖွဲ့များကသော်လည်းကောင်း တိုင်ကြားနိုင်သည်။        
စားသုံးသူရေးရာဦးစီးဌာနသည်      စားသုံးသူ ပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊    ခရိုင် ဦးစီးမှူးရုံးများတွင်  စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှု     လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center- CICC) များကို   ဖွင့်လှစ်ထားရှိသည်။   CICC များက လိုအပ်သော  အချက်အလက်များ   ဖြည့်သွင်းခြင်း၊ အထောက်အထားများ ရယူခြင်းများ    ဆောင်ရွက် ပြီးနောက်  သက်ဆိုင်ရာ   တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးသို့    ဆက်လက်တင်ပြမည်   ဖြစ်သည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏    Website ဖြစ်သော    www .doca .gov .mm   သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်သည်။
 သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ်   ဦးစီး မှူးရုံးသည်     စားသုံးသူ    တိုင်ကြားလာမှုနှင့် ပတ်သက်၍   လိုအပ်သော    စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံ ခန့်ခွဲ ရေးနည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက် မည်ဖြစ်ပါသည်။  ဦးစီးမှူးရုံးများ၏  စီမံခန့်ခွဲပိုင်ခွင့် ကို ကျော်လွန်သော  ဖြစ်စဉ်များကို  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီ များသို့ ဆက်လက်တင်ပြမည်ဖြစ်သည်။  စားသုံးသူ များ နစ်နာဆုံးရှုံး စေမှုအတွက် လိုအပ်ပါက တရားစွဲ ဆိုသည်အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ကျန်းမာပျော်ရွှင် စားသုံးသူအခွင့်အရေးမှာပါဝင်
တရားမျှတမှုမရှိသော        ကုန်သွယ်မှု အလေ့အကျင့်များနှင့် ၎င်းတို့၏  ဝယ်သူများအပေါ် လိမ်လည်   လှည့်စားသောကုမ္ပဏီများမှ   ကင်းဝေး စေရေးမှာ  အရေးကြီးသည်။ World   Consumer Rights Day သည် လူအများအား  လိမ်လည်မှုဆိုင်ရာ အလေ့အကျင့်များကို ဆန့်ကျင်သည့် အသံများနှင့် အသိပညာပေးခြင်းကို      ပြလုပ်စေမည်ဖြစ်သည်။ စားသုံးသူများကိုယ်တိုင်    ကမ္ဘာ့စားသုံးသူနေ့ကို အသိပညာမြှင့်တင်ရန်နှင့်    ကမ္ဘာ့စားသုံးသူများ ပိုမိုကောင်းမွန်လာရန်အတွက်   အပြောင်းအလဲများ ဆောင်ကြဉ်းလာနိုင်မည့်နေ့တစ်နေ့ဖြစ်သည်။ 
အတိုချုပ်ပြောရလျှင်    World    Consumer Rights Day သည် ပစ္စည်းများ၊  ဝန်ဆောင်မှုများကို ဝယ်ယူသည့်အခါတွင်     သင့်အခွင့်အရေးများအား နားလည်ရန် ကူညီပေးသောကြောင့် အရေးပါသည့် နေ့ရက်ဖြစ်သည်။တရားမျှတမှုမရှိသော ကုန်သွယ်မှု အလေ့အကျင့်များနှင့် ၎င်းတို့၏ စားသုံးသူများအပေါ် လိမ်လည်လှည့်စားသော  ကုမ္ပဏီများမှ   ဘေးကင်း လုံခြုံစွာရှိရန် အရေးကြီးသည်။ World Consumer Rights Day သည်  လူများအား   လိမ်လည်မှုဆိုင်ရာ အလေ့အကျင့်များကို ဆန့်ကျင်သည့် အသံများနှင့် အသိပညာပေးခြင်းကို ဖြစ်ပေါ်စေပြီး မိမိရှင်သန်ရာ ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော  ရွေးချယ်မှု များပြုလုပ်ရန် စွမ်းအားပေးလျက် ရှိမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့်   စားသုံးသူ အခွင့်အရေးများနေ့အား    ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။     ။
ကိုးကား-
စားသုံးသူရေးရာဦးစီးဌာန
Consumers International