အာဠဝီ စီလမ်းပေါ်က မို(လ)တရီ စန္ဒရားသံ

Type
1

ဆောင်းပါး

======

 

အာဠဝီ စီလမ်းပေါ်က မို(လ)တရီ စန္ဒရားသံ

 

============================

 

ဆူးငှက်

===

 

မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင် လက်ထက်က ''အမင်္ဂလာလမ်း'' ဖြစ်ခဲ့၏။ အာဠဝီလမ်း ဟုလည်း ခေါ်ကြ၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါး သည်ပင် ''ဂဗ္ဗေ'' ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာ ယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေ သောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သော ကြောင့် အဆိုပါတံခါးမှ ဝင်ထွက်သွားလာ မကြာမကြာ ကြုံတွေ့ရသောသူများသည် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြု ကြည့်ရှုကြကုန်လောဟု သတိ ပေးသော အထိမ်းအမှတ်ဖြင့် ''ကြေးမုံ'' တံခါးဟု သမုတ်ခဲ့ ခြင်းလည်းဖြစ်သည်။ နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမ သင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး၊ သီပေါမင်း၏ မယ်တော် လောင်းရှည် မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီး များရှိသည်။ ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည်ဥယျာဉ် ကွက်အတွင်းတွင် တောင်နန်းမတော်မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို သစ်တပ်အနောက်မြောက်ထောင့် တွင်လည်း မြောက်နန်းမတော်မိဖုရား သင်္ချိုင်းတော် တစ်ခုရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊ မှူးကြီး မတ်ရာ သေနာပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီ စီလမ်းအတိုင်း အနောက်ဆင်းသောအခါ ရွှေတချောင်း မြောင်းအလွန် မြစ်ဆိပ်အကြားတွင် အသီးသီးရှိခဲ့ကြ၏။

 

ဒိုင်အိုသံတဲကျောင်းတော်

အာဠဝီ စီလမ်း၏ ရွှေတချောင်း မြောင်းကူးသစ်သား တံတားကြီးမှာ ဇရပ်ကြီးနှစ်ဆောင်ပါရှိ၏။ ကျွန်း၊ ပွတ် လုံး၊ လက်ရန်းတိုင်ကြီးများပင် ပါရှိသည်။ လွန်ခဲ့သော ဆယ့်လေးငါးနှစ်ကာလ၊ လမ်းတိုးချဲ့သောအခါ ရှေးဟောင်းဇရပ်ကြီးများ ဖျက်သိမ်းလိုက်ကြသည်။ တောင်ပြုန်းပွဲတော်အခါများဆိုလျှင် ရွှေတချောင်းတွင် လှေလောင်းနှစ်စင်းတွဲ၍ ရေခင်းသံမြိုင်မြိုင်ဖြင့် နတ်ပွဲ သွားကြသူများကို အာဠဝီ စီလမ်းသင်္ချိုင်းတော် တံတား ပေါ်မှ ကြည့်ရှုကြရသေး၏။ ရွှေတချောင်း အနောက်ဘက် ကမ်း စီလမ်းဘေးတွင် သီပေါမင်းသား အပါအဝင် မင်းညီ မင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲ ကျောင်း တော်ကြီး ရှိသည်။ ၎င်းကျောင်းတော်ကြီးကို ၁၂၃၁-ခု၊ နတ်တော်လပြည့်ကျော် ၁၁ရက်၊ (၄-၆-၁၈၆၉) နေ့တွင် ဆောက်လုပ်ပြီးစီးသည်။

 

ရွှေတချောင်းကူး တံတားဦးဇရပ်

သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကိုဖြတ်ပြီး နောက် သံတဲကျောင်းကြီး မြောက်ဘက်တွင် အုတ်တံတား မြင့်ကြီး ဖြစ်၏။ အုတ်တံတားကြီး မြောက်ဘက်တွင် အသားဇရပ်ကြီးများလည်း ရှိသည်။ ၎င်းတံတားများ နှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းက ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ် အာဠဝီစီလမ်းပေါ် တွင် ကျောက်စာတစ်မျက်နှာတစ်တိုင် စိုက်ထူထားခဲ့လေ သည်။ ကျောက်စာတွင် ရွှေတချောင်းကူး တံတားဦးဇရပ် နှင့်တကွ အနောက်ကို သွပ်မိုး ပျဉ်ခင်း၊ ဝဲ/ယာတံတားခန်း ရေ ၁၆၄။ မြောင်းအကူးမှ အနောက်မြေ မြို့ရိုးအရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇တာ။ ကျောက်လမ်းတံတားကြီးမှစ၍ ပုဏ္ဏားကုန်း သုသာန်တွင် အတွင်းဝန်မင်း အဘ အလောင်းသင်္ဂြိုဟ်ရာ ပျဉ်ဇရပ် တစ်ဆောင်၊ အတွင်းဝန်ကတော် အမိရှေ့ဝန်မှူးကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ်တစ်ဆောင်နှင့် သုသာန်မြေ အကာအရံတံတိုင်း မီးတားများကို ၁၂၄၄-ခုမှ ၁၂၄၇-ခု အထိ ဆောက်လုပ်သည့် ကုန်ကျစရိတ်ငွေ (၃၄၈၄၄ ကျပ် ၅ ပဲ) ရှိကြောင်း ကမ္ပည်းထိုးမှတ် ရေးသားခဲ့လေသည်။

အုတ်ခြင်္သေ့နှစ်စီး

ယခုအခါ ထိုဇရပ်ကြီးများလည်း မရှိတော့ပြီ။ သင်္ချိုင်း တော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်း အမိ၊ အဘ ဟူသည် မင်းကြီးမင်းလှ မဟာဇေယျသင်္ကြံ မြို့သစ် အတွင်းဝန်မင်း ဦးဘီ၏ အမိအဘဖြစ်၏။ လွန်ခဲ့သော လေးငါးနှစ်ကအထိ ဇရပ်ကြီးများ၊ ဂူဗိမာန်ကြီးများ ရှိသေးသည်။ ဇရပ်မျက်နှာကြက်များတွင် ပန်းပု၊ ပန်းခက် များကို ရွှေရောင်တစ်စွန်းတစ်စနှင့် တွေ့ရသေး၏။ ဇရပ်၏ တိုင်လုံးများက တုတ်ခိုင်ခံ့ညားသည့် ကျွန်းတိုင် လုံးကြီးများဖြစ်သည်။ ဟင်္သပဒါးရောင်က အိုစာနေ၏။ မြို့သစ်အတွင်းဝန်မင်း ဂူဗိမာန်၏ အနောက်ဘက်ကပ် လျက်တွင်မူ ရွှေပြည်ဝန်ကြီး ယောမင်းကြီး ဦးဖိုးလှိုင်၏ ဂူဗိမာန်ရှိသည်။ ယောမင်းကြီးဂူက ချုံနွယ်ပိတ်ပေါင်းနှင့် အုတ်ဇရပ် အပြိုအပျက်ကြားတွင် ကွယ်ပျောက်နေ၏။ ခြေရင်းတွင် ဝန်ကတော်ခင်ဖြူ၊ ထို့နောက် သားသမီး အုတ်ဂူများ။ ယောမင်းကြီး ဂူဗိမာန်ကိုတော့ ယခုအခါ အသစ်ပြုပြင်တည်ဆောက်ထားပြီး ပုံတူရုပ်တုပင် စိုက်ထူထားသည်။ အရှေ့ဘက်က မြို့သစ်အတွင်းဝန်မင်း ၏ လက်ရာမြောက် ကျွန်းဇရပ်ကြီးများကတော့ မရှိတော့။ ယောမင်းကြီး ဂူဗိမာန်၏ အရှေ့ဆီ မလှမ်းမကမ်းတွင် အုတ်ခြင်္သေ့နှစ်စီး ရှိသည်။ ယင်းခြင်္သေ့နှစ်စီးက သင်္ချိုင်း တော် အုတ်တံတားကြီး အနောက်ထိပ်ဖြစ်သည်။ အုတ် ခြင်္သေ့နှစ်စီးနားက ဓမ္မာရုံထဲတွင် ယောမင်းကြီး ကောင်းမှု ကုသိုလ် ဗုဒ္ဓခြေတော်ရာ တစ်ဆူရှိသည်။ စကျင်ကျောက် တွင် ခြေတော်ရာကို လက်ရာမြောက်စွာ ထုလုပ်

ထား၏။

 

အာဠဝီစီလမ်း

အာဠဝီတံခါးခေါ် ကြေးမုံတံခါးနှင့် တည့်တည့် အနောက်ဘက် ဧရာဝတီမြစ်ဆိပ်အထိပေါက်သော လမ်းဖြောင့်ကြီးသည် ''စီ'' လမ်းဖြစ်၏။ ၂၂-စီ လမ်းဟု မန္တလေးသားတို့ သိသည်။ ရတနာပုံခေတ်က အမင်္ဂလာ လမ်း ဖြစ်ခဲ့သော်လည်း ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရလက်ထက်တွင် ဘုရင့်လက်ထက်ကတည်းက အင်္ဂလိပ်၊ ပြင်သစ်စသည့် အနောက်နိုင်ငံခြားသားများ နေထိုင်ခဲ့ကြသည့် နေရာများနှင့် ဆက်စပ်သောကြောင့် အာဠဝီ စီလမ်းသည် ယနေ့ ၂၆-ဘီလမ်းကဲ့သို့ပင် စည်ကားခဲ့၏။ ဈေးဆိုင်များ၊ ကုန်တိုက်ကြီးများ ရှိခဲ့၏။ အာဠဝီစီလမ်းပေါ်တွင် စာတိုက်ကြီးရှိသည်။ အေဘီအမ် ပုံနှိပ်တိုက်ရှိခဲ့သည်။ ယင်းပုံနှိပ်တိုက်မှာ စာအုပ်တိုက် ဆိုင်ကြီးဖြစ်သဖြင့် ကျောင်းသုံးစာအုပ်များ၊ စာရေး ကိရိယာများ ရောင်းချသည်။ ခရစ်စမတ်ကတ်များ၊ စာအိတ်များလည်း ရောင်းချသည်။ ထို့ပြင် မန္တလေးနှင့် ပတ်သက်၍ ပြည့်စုံလှသော စာအုပ်ကြီးတစ်အုပ်ကိုလည်း အာဠဝီစီလမ်း တိုက်နံပါတ် ၁၁ ကိုဘေတင်ထံတွင် ဝယ်ယူနိုင်သည်။ ထိုစာအုပ်ကြီးက ပုဂံဝန်ထောက်မင်း ဦးတင်၏ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး သုံးတွဲဖြစ်၏။ တစ်တွဲလျှင် ၆ ကျပ် ၈ ပဲနှုန်းဖြစ်သည်။

 

မစ္စကွစ်ကုမ္ပဏီ

ထို့ပြင် အာဠဝီစီလမ်းတွင် ဝှိုက်တဝေး လိဒ်ဒလော ကုမ္ပဏီကြီးလည်း ရှိသည်။ ဝှိုက်တဝေးသည် ရိုးကုမ္ပဏီနှင့် အပြိုင်ဖြစ်သည်။ ဝှိုက်တဝေးမှာ အဝတ်အစားအမျိုးမျိုး၊ အိပ်ရာခင်းအမျိုးမျိုး၊ ဇွန်း၊ ခက်ရင်း၊ ပန်းကန်အမျိုးမျိုး၊ ရှူးဖိနပ် ခြေနင်းအမျိုးမျိုး၊ သေတ္တာအမျိုးမျိုး၊ ခုတင်ပုခက် အမျိုးမျိုး စုံလင်အောင် ရောင်းချသည်။ ယုတ်စွအဆုံး တွယ်ချိတ်အထိ ရှိသည်။ တွယ်ချိတ်တစ်ဒါဇင်မှ တစ်မူး၊ သူ့တွယ်ချိတ်ကလည်း အာမခံချိတ်တဲ့။ မပျောက်လို့ ကတော့ တစ်သက်လုံးသုံးရောဆိုသည့် တွယ်ချိတ်မျိုး ဖြစ်သည်။ အာဠဝီစီလမ်းတွင် မစ္စကွစ်ကုမ္ပဏီလည်း ရှိသည်။ ထိုကုမ္ပဏီကတော့ တယော၊ မယ်ဒလင်၊ စန္ဒရား စသည့် တူရိယာပစ္စည်းများနှင့် ဓာတ်စက်ခေါ် ဓာတ် သေတ္တာအမျိုးမျိုး၊ လစဉ်ထုတ် သီချင်းဓာတ်ပြားများ လည်း ရောင်းချရာဌာနဖြစ်သည်။ ထိုခေတ်က စန္ဒရားကို ငွေကြေးတတ်နိုင်သူများသာ ကိုယ်ပိုင်ဝယ်ယူ၍ အင်္ဂလိပ် အတီးသင်နည်း စာအုပ်များဖြင့် စန္ဒရားတီးသင်ကြသည်။ စန္ဒရားသင် ဆရာ ဆရာမများက အများအားဖြင့် အင်ဂလို အင်ဒီးယန်းများ ဖြစ်၏။ ''မစ္စကွစ်'' မှာ စန္ဒရားများ ရောင်း သည်။ ထို့ပြင် စန္ဒရားကို ငှားလည်းငှားသည်။ ပြင်လည်း ပြင်သည်။ ငွေဒင်္ဂါးတစ်ပြားလျှင် ၁၃ ကျပ်ကာလက ''မစ္စကွစ်'' မှ မို(လ)တရီ အမျိုးအစား စန္ဒရားတစ်လုံးကို တစ်လလျှင် တစ်ဆယ့်နှစ်ကျပ်ပေး၍ ငှားရမ်းကာ အတီး သင်ခဲ့ကြသည်။ မန္တလေးမီးရထားကုန်ရုံ ဝန်ထောက် ကြီး၏ သမီးသုံးယောက်အနက်မှ တစ်ယောက်သည် နောင်အခါ နာမည်ကျော် ''မိုးဒေဝါ မလှရွှေ'' ဖြစ်လာခဲ့ဖူး သည်။

မို(လ)တရီ စန္ဒရားသံ

ထို့အတူ ''မစ္စကွစ်'' မှပင် ဗီသိုဗင်၏ ဆင်ဖိုနီအမှတ်၅၊ ၁၂လက်မ ဓာတ်ပြားတွဲကိုဝယ်ကာ ဓာတ်စက်တွင် ဖွင့်ပြီး နားထောင်၊ ဓာတ်ပြားအဖုံး အယ်လ်ဘမ်တွင် ပုံနှိပ်ထား သည့် ဆင်ဖိုနီမိတ်ဆက်စာကို ဖတ်ရှု၊ ဂီတသင်္ကေတများကို မှတ်သားပြီး ဘယ်အသွား ဘယ်လိုဖွဲ့၊ ဘယ်တူရိယာ ဘယ်လိုအသုံးချသည်ကို လေ့လာခဲ့ကြသည့် မန္တလေး သား ဂီတဝါသနာရှင် လူငယ်တစ်စုတွင် နောင်အခါ ဓားတန်းဦးသန့်ဖြစ်မည့် လူငယ်၊ မြို့မငြိမ်းဖြစ်မည့် လူငယ်လည်း ပါရှိခဲ့သည်။

ထို့ကြောင့် ၂၂လမ်းခေါ် အာဠဝီ စီလမ်းသည် ရတနာပုံခေတ်က အမင်္ဂလာလမ်းဖြစ်ခဲ့သော်ငြား ကိုလိုနီ ခေတ်တွင် အရင်းရှင်စီးပွားရေး၏ ဈေးလမ်းမကြီး အသွင်ပြောင်းခဲ့လေသောအခါ အနုပညာအမြင်ကျယ် သည့် လူငယ်များအတွက် အခွင့်အလမ်းများစွာ ပေးစွမ်းခဲ့ သည်မှာ သတိပြုဖွယ်ဖြစ်ပါ၏။ အရာရာကို အစွဲကြီးစွာ တရားသေ ဆုပ်ကိုင်လို့ မရ။