
ယာဆေး
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော အာခါတိုင်းရင်းသားလူမျိုးစုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း သံလွင်မြစ်အရှေ့ခြမ်း တောင်ပေါ်ဒေသများ၌ အဓိကနေထိုင်ကြပြီး လူဦးရေအားဖြင့် နှစ်သိန်းခန့် ရှိသည် ဟု ခန့်မှန်းရသည်။
ရိုးရာပွဲများ
အာခါတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်း အခိုင်အမာတည်ရှိ ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ချစ်ခင်မြတ်နိုးလျက် ဓလေ့ထုံးတမ်းစဉ်လာများ ကိုလည်း ထိန်းသိမ်းလျက်ရှိ၏။ ဓလေ့ထုံးတမ်း ဟူသည် လေးစား၍ ချစ်ခင်မြတ်နိုးဖွယ်၊ အတုယူ ဖွယ်၊ မွန်မြတ်၍ ထိန်းသိမ်းစောင့်ရှောက်အပ်သော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပေသည်။ အာခါ တိုင်းရင်းသားလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် ရာသီ အလိုက် ကျင်းပပြုလုပ်ရမည့် ထုံးတမ်းစဉ်လာများ ရှိကြရာဝယ် ကိုးကွယ်ရာဘာသာရေးအရသော် လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း လူမျိုးဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်သော ဓလေ့ ထုံးတမ်းများရှိကြသည်။ ‘‘ခါးထောင်းဖား’’ ခေါ် နှစ်သစ်ကူးပွဲတော်နှင့် ‘‘ရဲခူအဖွေ’’ ခေါ် ဒန်းစီး ပွဲတော်တို့သည် ထင်ရှား၍ လူမျိုးဘာသာမရွေး အာခါတိုင်းရင်းသားတို့နှင့် အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်သော ရိုးရာပွဲများပင်ဖြစ်သည်။
ဒန်းစီးပွဲတော်ကာလ
နှစ်စဉ် ဩဂုတ်လသည် အာခါတိုင်းရင်းသား တို့၏ ရဲခူအဖွေ ဒန်းစီးပွဲတော်ကာလဖြစ်၏။ ပွဲတော် ကျင်းပရမည့် ရက်ကောင်းရက်မြတ်ကို ရွာအတွင်းရှိ ရိုးရာကိုးကွယ်ယုံကြည်သည့် ဘာသာရေးဆရာက တွက်ချက်ပေးကာ ကျင်းပကြရသည်။
ပွဲတော်အခမ်းအနား
ယခုကာလသည် ရဲခူအဖွေ ရိုးရာဒန်းစီးပွဲတော် ကျင်းပချိန်ဖြစ်သဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၈ ရက် တွင် (၁၂)ကြိမ်မြောက် အာခါရိုးရာစုပေါင်း ဒန်းစီး ပွဲတော်အခမ်းအနားကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် မိုင်းတွင်း တောင်ပေါ်အုပ်စု ဦးဖူဒေ့ကျေးရွာ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ရှမ်းအရှေ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့မှ စစ်ဘက်နယ်ဘက် အရာရှိများ တက်ရောက်ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြု အမှာစကားများ ပြောကြားခဲ့သည်။
ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒန်းစီးပွဲတော် အောင်မြင် စွာ ကျင်းပနိုင်ရေး ပွဲဖြစ်မြောက်ရေးကော်မတီသို့ အလှူငွေကျပ်သိန်း ၁၀၀ ကို လှူဒါန်းပေးခဲ့ပြီး တိုင်းမှူးက အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့ သည်။ ထို့ပြင် 1G1 ဟိုတယ်မှ ဦးအောင်နိုင်၊ စံလင်း ဖြိုးကုမ္ပဏီမှ ကိုအားတီနှင့် အခြားအလှူရှင်များက အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာတွင် ရင်ထဲ၌ သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေမိပါ တော့သည်။
ချယ်ရီပင်စိုက်ပျိုးပွဲတော်
ဒန်းစီးပွဲတော်နှင့်ပတ်သက်၍ အာခါတိုင်းရင်း သားအကြီးအကဲ ဦးမင်းညိုက ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များက ဒန်းတော်ကို အာခါရိုးရာဓလေ့ထုံးတမ်း နှင့်အညီ မင်္ဂလာပြုစီးနင်းပြီးနောက် ဒန်းစီးပွဲတော် အထိမ်းအမှတ်အဖြစ် ဦးဖူဒေ့ကျေးရွာ မူလတန်း လွန်ကျောင်း၌ ချယ်ရီပင်ကို သက်သေအရာထား၍ ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို ဆက်လက်ပြုလုပ် ခဲ့ကြသည်။
ထို့နောက် ကျေးရွာခန်းမဆောင်၌ ဒန်းစီးပွဲတော် အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ ဦးမင်းညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ကျေးရွာသားတစ်ဦးက ရပ်ရွာနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းများ ပြုလုပ်ပြီး ဧည့်သည်တော်များအား အာခါရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အာခါတိုင်းရင်းသားများသည် တောင်ပေါ်ဒေသ နေ လူမျိုးစုဖြစ်သည့်အလျောက် တောင်ယာစိုက်ပျိုး ရေးစနစ်ကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ ကြရာ ယခုအချိန်သည် မိမိတို့၏ တောင်ယာ၊ လယ်ယာများကို ထွန်ယက် စိုက်ပျိုးပြီးစီးပြီးနောက် ခြေခင်းလက်သာ အခါသမယဝယ် ညီညွတ်ခြင်း၊ အေးချမ်းခြင်းနှင့်စားရေရိက္ခာ ဖူလုံကြွယ်ဝစွာ ရရှိ စေရန်ရည်ရွယ်၍ ဒန်းစီးပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပြီး စိုက်ထူထားသည့် ဒန်းတော်ကို ပျော်ရွှင်စွာ စီးနင်းကာ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်နိုင်ကြစေသတည်းဟု ရင်ဝယ်ဆန္ဒပြုလိုက် ရပါသည်။