အားကောင်းသောမုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်- မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့်အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

 

နေပြည်တော်  မေ  ၁၀

 


အားကောင်းသောမုန်တိုင်းငယ်အခြေအနေ


ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်း ငယ်သည်    မြောက်-အနောက်မြောက်ဘက်သို့    ရွေ့လျားခဲ့ပြီး    မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၅၂၀) မိုင်ခန့်၊  စစ်တွေမြို့၏  တောင် -  အနောက်တောင်ဘက်  ရေမိုင် (၆၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘား ကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၅၀) မိုင်ခန့်၊ ပို့ပလဲယား၏ အနောက်တောင်ဘက် ရေမိုင် (၂၉၀) မိုင်ခန့်နှင့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင် - အနောက်တောင်ဘက် ရေမိုင် (၇၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ 

 


အားကောင်းသောမုန်တိုင်းငယ်၏      လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ် - မြန်မာကမ်းရိုးတန်းသို့   ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်သည်။

 


အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ 
ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း


အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု (၉.၅) ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၈.၃) ဒီဂရီတွင်ရှိပြီး၊   ဗဟိုချက်လေဖိအား  (၁၀၀၀)ဟက်တိုပါစကယ်နှင့်   အမြင့်ဆုံးလေတိုက်နှုန်းမှာ   တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။ 

 


နောက်(၄)ရက်အတွင်း ခန့်မှန်းချက်


အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး နောက်(၆)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက် နံနက်ပိုင်းတွင် အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့  လည်းကောင်း၊ (၁၂.၅.၂၀၂၃)ရက် နံနက်ပိုင်းတွင် မြောက် - အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း ၌  အားအလွန်ကောင်းသော  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်။ ထို့နောက် (၁၃.၅.၂၀၂၃)ရက် ညနေပိုင်း တွင်    အားအနည်းငယ်လျော့သွားနိုင်ပြီး    (၁၄.၅.၂၀၂၃)ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။ 

 


သတိပေးနှိုးဆော်ချက်   


အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် (၁၁.၅.၂၀၂၃) ရက်မှ (၁၅.၅.၂၀၂၃)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊   ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၁.၅.၂၀၂၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး  လှိုင်းကြီးနိုင်သည်။  မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ   တိုက်ခတ်နိုင်ပြီး   (၁၂.၅.၂၀၂၃)ရက်မှ   (၁၄.၅.၂၀၂၃) ရက် အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ  လှိုင်းအလွန်ကြီးနိုင်သည်။  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်သည်။    မုတ္တမကွေ့၊    မွန် - တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ရံဖန်ရံခါ   မိုးသက် လေပြင်းများကျရောက်ပြီး    လှိုင်းကြီးနိုင်သည်။    မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့် အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။ 

 


အကြံပြုချက် 


အဆိုပါဖြစ်ပေါ်လာနိုင်သည့်   ဆိုင်ကလုန်းမုန်တိုင်း၏   အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်   မြေပြိုမှုအန္တရာယ်ကို   လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး တွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့်    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တစ်ပြေး ညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။


မိုး/ဇလ