အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တဖြည်းဖြည်း အားလျော့သွားနိုင်

 

 

နေပြည်တော်    မေ    ၁၀
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” အခြေအနေ
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်     အနောက်အလယ်ပိုင်းတွင်     ဖြစ်ပေါ်နေသော အားကောင်းသော   ဆိုင်ကလုန်းမုန်တိုင်း  “အာစန်နီ”     သည် အနောက်-အနောက်မြောက်ဘက်သို့   ရွေ့လျားခဲ့ပြီး  အိန္ဒိယနိုင်ငံ
ကာကီနာဒါ မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ တောင်ဘက် ရေမိုင် ၁၆၀ ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်-အနောက်တောင်ဘက်    ရေမိုင်  ၂၈၅  မိုင်ခန့်၊   ပူရီမြို့၏  တောင်-အနောက်တောင်ဘက်   ရေမိုင် ၃၄၀ ခန့်၊   မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၆၉၀ ခန့်နှင့် ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၂၀ ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။ 
အားကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း   “အာစန်နီ” ၏  လက်ရှိအခြေအနေမှာ   မြန်မာနိုင်ငံဘက်သို့    ဦးတည်ရွေ့လျားမည့်  အခြေအနေ   မရှိသေးပါသဖြင့်   အဝါရောင်အဆင့်ဟု   သတ်မှတ် သည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” ၏ 
တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ   အားကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း  “အာစန်နီ” သည် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၁၅ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၂ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၈၉ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၅ မိုင်မှ မိုင်၇၀ နှုန်းခန့်ဖြစ်သည်။
 နောက် ၇၂ နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း  “အာစန်နီ” သည်   အနောက်မြောက်ဘက်သို့   ဆက်လက်ရွေ့လျားပြီး နောက် ၁၈ နာရီအတွင်း   ဘင်္ဂလားပင်လယ်အော်   အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ ကာကီနာဒါမြို့- ဗီဆာကာပတ္တနမ်ကမ်းခြေ)သို့ ရောက်ရှိ နိုင်ကာ   ထိုမှတစ်ဆင့်   မြောက်-အရှေ့မြောက်ဘက်သို့   ကွေ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ အင်ဒရာ  ပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင် သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” သည်  နောက် ၁၈ နာရီအတွင်း  ဆိုင်ကလုန်းမုန်တိုင်း  “အာစန်နီ” အဖြစ်သို့ လည်းကောင်း၊    မေ  ၁၂  ရက်တွင်   အားကောင်းသော  မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်  
အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” ၏ အရှိန် ကြောင့် ယနေ့ညမှ မေ ၁၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊     ကချင်ပြည်နယ်၊    ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး    အချို့ဒေသများတွင်   ဒေသအလိုက်နှင့်  နေရာကွက်၍ မိုးကြီးနိုင်သည်။   မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ  မိုးသက်လေပြင်းများ ကျရောက်ပြီး   လှိုင်းကြီးမည်။   မိုးသက်လေပြင်းကျစဉ်   ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။    လှိုင်းအမြင့်မှာ    မြစ်ဝကျွန်းပေါ်၊    ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၉ ပေ မှ  ၁၁ ပေခန့်နှင့်     မုတ္တမကွေ့၊  မွန်-တနင်္သာရီ   ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၆ ပေမှ  ၉ ပေခန့်ရှိ နိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍   အဆိုပါအားကောင်းသော   ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” ၏  အရှိန်ကြောင့်   မိုးရွာသွန်းခြင်းနှင့်အတူ  လေပြင်း တိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်    ပြည်တွင်း   လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ