
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကျင်းပ
နေပြည်တော် ဧပြီ ၂၉
ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူ များနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့များက မိတ်ဆက်ဂါရဝ ပြုကြသည်။
အမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရန် ၁၄ ရက်သာ လိုတော့ သည့်အတွက် အားကစားသမား မောင်၊ မယ် အားလုံးသည် နည်းစနစ်ပိုင်နိုင် ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အချက်များ ပြည့်ပြည့်ဝဝခိုင်ခိုင် မာမာဖြင့် ပြိုင်ပွဲဝင်ရန်အသင့်ဖြစ်နေ ကြပြီဟု ယုံကြည်ပါကြောင်း၊ အားကစား အဖွဲ့များက အဆိုပြုသည့်အတိုင်း သတ်မှတ်စံချိန်များအတွင်း ကိုက်ညီ သည့် အားကစားသမားများ၊ အစဉ်အလာ ရှိသည့် အားကစားများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါကြောင်း၊ သွားလာရေး ကအစ အဆင်ပြေအောင်လည်း ဆောင် ရွက်ပေးထားပါကြောင်း။
နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူ များအားလုံးက အားကစားမောင်၊ မယ် များ၏ ဇွဲ၊ သတ္တိအပြည့်နှင့် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသကဲ့သို့ ပြင်းပြင်း ထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို လည်း ကြားသိမြင်တွေ့ခံစားခဲ့ရပြီး ဖြစ်သည့်အတွက် မိမိတို့၏အားကစား သမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီနှင့် အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ များအနေဖြင့် ယခင်က ပါဝင်ယှဉ်ပြိုင် ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြ မည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲ မှတ်တမ်းတင်နိုင်မည် ဖြစ်ပါကြောင်း၊ အမိနိုင်ငံ၏အလံတော် လွှင့်ထူဂုဏ်ပြု ခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလား ကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲတွင် အောင်နိုင်ရေးအတွက် ယှဉ်ပြိုင်ခြင်းသည် ပြိုင်ပွဲများအတွက် နောက်ဆုံးအဆင့်ဖြစ်သည်ကို သတိပြု စေလိုကြောင်း။
အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော် ၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် မြန်မာ အားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက် တွင် ရှိနေသည်ကိုလည်း သတိပြုကြရ မည်ဖြစ်ကြောင်း။
အစီအမံများ ချမှတ်ဆောင်ရွက်
နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် အဘက်ဘက်တွင် ရင်ပေါင်တန်းနိုင်ရေး အတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်း တစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ထောက်ပံ့ငွေများချီးမြှင့်
နိုင်ငံတော်အနေဖြင့် ခေတ်အဆက် ဆက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အာရှ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများကိုလည်း အသက် (၆၀) ပြည့်မြောက်သည့် အချိန်မှစပြီး သက်ရှိထင်ရှားရှိသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်လျက်ရှိသကဲ့သို့ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အခမ်း အနားတွင်လည်း အာရှအားကစားပြိုင်ပွဲ များတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ၁၂ ဦးနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ တွင် ရွှေတံဆိပ်ငါးခုနှင့်အထက် ရရှိခဲ့ ကြသူ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအနက်မှ ၂၄ ဦးကို လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း၊ ကျန် အားကစားသမားများကို လည်း ဆက်လက်ပြီး စိစစ်ခွင့်ပြုသွားမည် ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင်လည်း နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူ ပေးကြမည့် အားကစားမောင်၊ မယ်များ အနေဖြင့်လည်း အလားတူ အခွင့်အရေး များ ရရှိကြလာမည်ဖြစ်ကြောင်း။
ထို့အပြင် ယခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ၏ကိုယ်စား သွားရောက်ယှဉ်ပြိုင်မည့် အားကစား မောင်၊ မယ်များကိုလည်း ကြိုးစားမှု ရလဒ်များအပေါ်မူတည်ပြီး နိုင်ငံတော် အနေဖြင့် ဆုရ အားကစားသမားများ အတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ရွှေအသင်းလိုက် တစ်ဦးချင်းငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက် တစ်ဦးချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက် တစ်ဦးချင်း ငွေကျပ် ၃၅ သိန်း၊ နည်းပြများ အတွက် ရွှေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြ တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊ အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ် ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၅၀၊ ကြေး တံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှု အဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။
အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်
ထို့ကြောင့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်ဂုဏ်ဒြပ်နှင့် အမျိုးသားရေး တာဝန်ကိုပါ ကိုယ်စားပြုနေသည်ဟူသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော် အောင်လံတလူလူ လွင့်ပျံနေရစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။
ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိ နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးတာဝန် ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီး ဖြစ်သည့်အတွက် မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွား ကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း။
(၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီအားပေးခဲ့ကြ သည့် အဖွဲ့ချုပ်များအပါအဝင်အားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း။
မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင် ရေးဟူသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုမြန်မာ့ ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့် အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံ နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အနိုင် မခံ အရှုံးမပေးသည့် ကြံ့ခိုင်စိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လဖြင့် ရင်ဆိုင်ယှဉ်ပြိုင် ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင် ခဲ့ကြရမည် ဖြစ်ကြောင်း၊ အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစားသူရဲကောင်း မောင်၊ မယ်များ အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏အောင်လံ လွင့်ပျံနေစေရေး စွမ်းဆောင် သွားကြရမည်ဖြစ်ကြောင်းဖြင့် အလေးအနက် တိုက်တွန်းမှာကြားသည်။
အောင်နိုင်ရေးအလံ အပ်နှင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် လက်ရွေးစင်အားကစားသမားများ နှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လက်ရွေးစင် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး အားကစားနည်း များအလိုက် အားကစားပြိုင်ပွဲများတွင် အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည် ကြည့်ရှုသည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင် မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်