 
အားကစားနှင့် ပညာရေးထိရောက်စွာပေါင်းစပ်ရေး၊ အားကစားနှင့် 
ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
=============================================================================================
နေပြည်တော်   ဒီဇင်ဘာ    ၁၁
အားကစားနှင့်   ပညာရေးထိရောက်စွာ    ပေါင်းစပ်ရေး၊ အားကစားနှင့်  ပညာရေး  ပေါင်းစပ်မှု  ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာမျိုးသိမ်းကြီးနှင့်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက် ကြသည်။
မသင်မနေရဘာသာရပ်
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက      ယခုအစည်းအဝေးသည် အားကစားနှင့်   ပညာရေး   ပေါင်းစပ်မှုဦးစီးကော်မတီ ဖွဲ့စည်းရေးအတွက် ဆွေးနွေးအကြံပြုမှုများရယူရန် ပြုလုပ် ခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကာယ ပညာသည်   အလွန်အရေးကြီးပါကြောင်း၊   ယခင်သင်ရိုး ဟောင်းတွင် ကာယပညာဘာသာရပ်သည်   တွဲဖက်သင်ရိုး သာရှိခဲ့ပြီး သီးသန့်သင်ရိုးညွှန်းတမ်းစာအုပ် မရှိခဲ့ပါကြောင်း၊  ကာယပညာသင်ကြားရန်    ကာယဆရာ   လုံလုံလောက် လောက် မရှိခဲ့သလို လေ့ကျင့်ရေးအားကစားပစ္စည်းများ လည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ယခုသင်ရိုးသစ်တွင် (KG + G-12) အထိ ကာယဘာသာရပ်ကို မသင်မနေရဘာသာရပ်အဖြစ်      သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း။ 
သင်ရိုးသစ်တွင်  (KG+G-12)    တက္ကသိုလ်ဝင်တန်း ကာယဆရာ ဆရာမ   လုံလောက်စွာ   ရရှိစေရန်အတွက် B.Sc. (Sports) ဘွဲ့ရသူများအား ခန့်အပ်ထားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရာတွင် နှစ်စဉ် ဘွဲ့ရသူဦးရေမှာ ၁၀၀ ခန့်သာရှိ၍ လုံလောက်မှု မရှိသေးပါကြောင်း၊ ကျန်တက္ကသိုလ်များ၌ B.Sc. (Sports) ဘွဲ့သင်တန်းများ သင်ကြားနိုင်ရန် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ အားကစားသမားတစ်ယောက် သည် အားကစားကို ဝါသနာပါပြီး တက္ကသိုလ်တက်ရောက် နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ရန်၊ ဘဝ အာမခံချက်ရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ အားကစားကို နှစ်သက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အားကစား သိပ္ပံကျောင်းများ၌ ပညာသင်ယူပြီး ပညာရေးဝန်ကြီးဌာန ရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူခွင့်ရရှိရေး အခွင့်အလမ်းများကို ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်အတွက်  မူဝါဒကို  တိတိကျကျချမှတ်ပေးရန်  ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  နိုင်ငံတစ်ဝန်းရှိ  အခြေခံပညာ ကျောင်းများ၌လည်း အားကစားကွင်း/ အားကစားရုံများကို ဝန်ကြီးဌာနမှ တိုးချဲ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း အခြေခံပညာကျောင်းများတွင်  အားကစားလေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေသဖြင့်  အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လည်း အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊   ဘော်လီဘော၊   ခုန်ကြိုး   စသည့် အားကစားပစ္စည်းများ ထောက်ပံ့ပေးပါကြောင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား အားကစားပြိုင်ပွဲ၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြီး အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ တွင်  ပါဝင်ယှဉ်ပြိုင်နိုင်ရန်     ကြိုးစားသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 
လျစ်လျူရှု၍မရ
ယင်းနောက်   ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ မြင့်ထွေးက အားကစားနှင့် ပညာရေး ပေါင်းစပ်၍ ပူးပေါင်း ညှိနှိုင်းလုပ်ဆောင်ရန်အတွက် ကော်မတီတစ်ရပ်ကို ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း လုပ်ငန်းများ နှောင့်နှေးနေ ခဲ့သည့်အတွက် အရှိန်အဟုန်ဖြင့် အားဖြည့်ဆောင်ရွက်ရန် အတွက်    ယခုကော်မတီကို   ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်နေသကဲ့သို့   အခြားသော   ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများနှင့်    အားကစားကဏ္ဍကိုလည်း လျစ်လျူရှု၍ မရပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေကာ ခန္ဓာ ကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေနိုင်သဖြင့် ရောဂါများ ကို ခုခံနိုင်စွမ်းများ မြင့်တက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ယခု ကမ္ဘာတစ်ဝန်းတွင်  သုတေသနပြုကာ   အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ   ရရှိနေသော   ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပြီးပါက ရောဂါကို ခုခံနိုင်မှု အချိန်ကာလအတိုင်းအတာ မည်မျှတာရှည်ခံမည်ကို မသိရှိ ရသေးပါကြောင်း။ 
သို့ဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာခြင်း၊     ရောဂါကိုခုခံနိုင်ရန်အတွက် ကိုယ်ခံအား မြင့်မားစေရန် မိမိနှင့် သင့်တော်ရာ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသေဆုံးသူများ၏ ၈၅ ရာခိုင် နှုန်းခန့်သည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ရောဂါစသည့် ရောဂါအခံတစ်မျိုးမျိုးရှိနေသူများ  ဖြစ်ပါ ကြောင်း၊   အားကစားလေ့ကျင့်လိုက်စားမှုဖြင့်   သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါစသည့် ရောဂါ များဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ကဲ့သို့ ရောဂါမျိုး ကူးစက်ပါကလည်း  ကိုယ်လက်လှုပ်ရှား အားကစား  ပုံမှန်လုပ်ထားသူ   တစ်ဦးအနေဖြင့်  ရောဂါ ပြင်းထန်ကာ အသက်သေဆုံးနိုင်ခြေကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း။
ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ထိုကဲ့သို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကျိုးကျေးဇူးများသာမက စိတ်ပိုင်းဆိုင်ရာ    အကျိုးကျေးဇူးများကိုပါ    ရရှိစေနိုင်ပါ ကြောင်း၊  နိုင်ငံတစ်ဝန်းလုံးရှိ   ကျောင်း၊  ကောလိပ်နှင့် တက္ကသိုလ်များမှ   ကျောင်းသား    ကျောင်းသူများ၌ ကိုယ်လက်လှုပ်ရှားအားကစား   ပြုလုပ်ခြင်းမှတစ်ဆင့် အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်လာခြင်းနှင့် ထိုအလေ့ အကျင့်ကောင်းများကို တစ်ဦးမှတစ်ဦး လက်ဆင့်ကမ်း ရရှိခြင်းတို့ဖြင့်  နိုင်ငံတော်အတွက်  ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသူ အမြောက်အမြား  ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊    အားကစားနှင့်   ပညာရေးပေါင်းစပ် ဆောင်ရွက်ရေးလုပ်ငန်းများ  စနစ်တကျ  ဆောင်ရွက်ရန် အတွက် ဦးစီးကော်မတီကို ဖွဲ့စည်းရာတွင် အလုပ်တာဝန် ဝတ္တရားများ တိကျစွာ သတ်မှတ်ခြင်း၊  လုပ်ငန်းလမ်းပြ မြေပုံတိကျစွာရေးဆွဲချမှတ်ကာ ကဏ္ဍအလိုက် လုပ်ငန်း တာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်တွင် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ် အကဲဖြတ်မှုများ  ပြုလုပ်ခြင်းတို့ကို   ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ 
ယခုအခါ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်း တမ်းများတွင်  ကိုယ်လက်လှုပ်ရှား  အားကစားဆိုင်ရာ သင်ရိုးများ    ပါဝင်နေပြီဖြစ်သဖြင့်     အကျိုးရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အခြေခံ ပညာကျောင်းများအတွက် လိုအပ်သော အားကစားပစ္စည်း များ     တတ်နိုင်သမျှ   ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများအတွက် လိုအပ်သော အားကစားပစ္စည်းများ ဝယ်ယူဖြည့်တင်း ရန်နှင့်     ကျောင်းအားကစားကွင်း၊    ရုံနှင့်   ခန်းမများ ဆောက်လုပ်ရန် ဘဏ္ဍာငွေများ ပိုမိုထည့်သွင်းလျာထားစေလိုပါကြောင်း။
ရေရှည်အကျိုးရှိမည်
ယခုအစည်းအဝေးတွင်  အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ်ရေးအတွက်  လက်တွေ့  အမှန် တကယ် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် အားဖြည့် ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ အားကစားနှင့် ပညာရေး ထိရောက်စွာ ပေါင်းစပ်ခြင်းဖြင့်  တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ကာ ပညာရည်မြင့်မားတိုးတက်ပြီး နိုင်ငံတော်အတွက် ရေရှည် အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်   ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၀၈ ခုနှစ်မှစပြီး အားကစားနှင့်  ပညာရေးပေါင်းစပ်လုပ်ကိုင်ခဲ့သော လုပ်ငန်းစဉ်များ၊ ၂၀၁၈ ခုနှစ်တွင်  Asian University Games  အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်မှုလုပ်ငန်းစဉ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်    လုပ်ငန်းစဉ်များကို   ရှင်းလင်း ပြောကြားသည်။ 
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာမြလေးစိန်က  အားကစားနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဦးစီးကော်မတီ  ဖွဲ့စည်းနိုင် ရန်အတွက် လမ်းညွှန်ချက်ဆောင်ရွက်မှုများနှင့်  ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြ သော  အဆင့်မြင့်ပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်များတွင် ကာယပညာရပ် ဆိုင်ရာ အရာရှိများ  ခန့်ထားနိုင်ရေး၊  B.Sc. (Sports) သင်တန်းများ    တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး၊   (၂၀၂၁) Asian University Games ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ 
ထို့နောက် ပညာရေးစီမံကိန်းနှင့် သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးကိုလေးဝင်း၊   အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ  ညွှန်ကြားရေးမှူး ဦးထွန်းသန့်၊ အားကစားနှင့် ကာယပညာဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက်   အစည်းအဝေးသို့  တက်ရောက်လာ သူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့က  နိဂုံးချုပ်အမှာစကားများ  ပြောကြားခဲ့ကြ ကြောင်း သိရသည်။  
                                              သတင်းစဉ်
      
   
      


