
ပရီမီယာလိဂ်ပွဲစဉ် (၁၀)၏ အစောဆုံးပွဲစဉ်အဖြစ် လက်စတာ အသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းက လက်စတာအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ် အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
လက်စတာအသင်းသည် ယနေ့ပွဲစဉ်တွင် ရှမိုက်ကယ်၊ တိုင်လီ မန်းစ်၊ မက်ဒီဆင်၊ အီဟီယာနာချို၊ ဗာဒီ စသည့် အဓိက ကစား သမားအများစုဖြင့် အာဆင်နယ်အသင်းကို ရင်ဆိုင်လာခဲ့သလို အာဆင်နယ်အသင်းကလည်း ဂါဘရီရယ်၊ လာကာဇက်၊ အူဘာမီယန်တို့ ဦးဆောင်ပြီး အားထားရသည့် ကစားသမားအစုံအလင်ဖြင့် လက်စတာအသင်းကို ရင်ဆိုင်လာခဲ့သည်။
အူဘာမီယန် ဦးဆောင်သည့် အာဆင်နယ်အသင်း၏ တိုက်စစ် ပိုင်းထက်မြက်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်အတွင်း သွင်းဂိုးနှစ်ဂိုးရရှိခဲ့သည်။ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅ မိနစ်တွင် ဂါဘရီရယ်က သွင်းယူ ပေးပြီး ဒုတိယဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် စမစ်ရိုဝီက သွင်းယူ ပေးခဲ့ သည်။ သွင်းဂိုး နှစ်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာသည့် လက်စတာအသင်း အာဆင်နယ်အသင်းကို ဖိအား ပေး ကစားနိုင်ခဲ့သည်။ သို့သော်လည်း အသင်းကစားသမားများ အဆုံးသတ်မသေချာမှု၊ အာဆင်နယ် ဂိုးသမားရမ်စ်ဒေး လက်စွမ်းပြ ကာကွယ်ထားနိုင်မှုကြောင့် ပထမပိုင်းကို အာဆင်နယ်အသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ချေပဂိုးရရှိရေး ကြိုးစားလာသည့် လက်စတာအသင်းသည် ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းကို ဂိုးကန်သွင်းမှုအသာ၊ ခြေအသာဖြင့် ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်း ခံစစ်နှင့် ဂိုးသမားတို့ ဟန့်တားရှင်းထုတ်နိုင်ခဲ့ သည့်အတွက် လိုအပ်နေသည့် ချေပဂိုးနှင့် ဝေးကွာခဲ့ရပြီး ဂိုးပြတ် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် ယခုအနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး သုံးပွဲဆက်နိုင်ပွဲရရှိခဲ့သည်။ ထို့အပြင် ပရီမီယာလိဂ်ပွဲစဉ် (၁၀) အပြီးတွင် လည်း ရမှတ် ၁၇ မှတ် အထိရှိလာပြီဖြစ်သည်။ ပြိုင်ဘက် လက်စတာ အသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ပွဲစဉ် (၁၀) အပြီး ၁၄ မှတ်သာ ရရှိထား သည်။
လာမည့် ပွဲစဉ်အဖြစ် လက်စတာအသင်းသည် ယူရိုပါ လိဂ်ပြိုင်ပွဲတွင် စပါးတပ်အသင်း နှင့် နိုဝင်ဘာ ၅ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အာဆင်နယ်အသင်းက နိုဝင်ဘာ ၇ ရက်တွင် ဝက်ဖို့ဒ်အသင်းနှင့် ပရီမီယာလိဂ် ပွဲစဉ် (၁၁) ကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားပွဲစဉ်များတွင် ဘန်လေက ဘရန့်ဖို့ဒ်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ လီဗာပူးနှင့် ဘရိုက်တန်တို့ နှစ်ဂိုးစီ သရေဖြစ်ပြီး မန်စီးတီး က ပဲလေ့စ်ကို နှစ်ဂိုး-ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ဝက်ဖို့ဒ်က ဆောက်သမ်တန်ကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည်။
နယူးကာဆယ်နှင့် ချယ်လ်ဆီးတို့ပွဲတွင် ချယ်လ်ဆီးက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်း ၆၅ မိနစ်နှင့် ၇၇ မိနစ်တို့တွင် ဂျိမ်းက နှစ်ဂိုးသွင်းယူပေးသည်။ ၈၁မိနစ် တွင် ချယ်လ်ဆီးတို့ ပယ်နယ်တီကန်ခွင့်ရရှိပြီး ဂျော်ဂျင်ဟိုက သွင်းယူ ပေး၍ ပွဲအပြီးတွင် ချယ်လ်ဆီးတို့ သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပွဲစဉ်(၁၀)အပြီးတွင် ချယ်လ်ဆီးတို့ ရမှတ် ၂၅ မှတ်ဖြင့် ဇယားထိပ်၌ ရပ်တည်နေသည်။ လီဗာပူးက ၂၂ မှတ်ဖြင့် ဒုတိယ၊ မန်စီးတီးက ရမှတ် ၂၀ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။
အောင်ဇော်