အာဆီယံတွင် မြန်မာတစ်နိုင်ငံတည်း ဒေသမျိုးရင်းအဖြစ်တည်ရှိနေသည့် ငါးမြင်းငါးကို National Fish အဖြစ်သတ်မှတ်နိုင်ရန် ကြိုးပမ်းသွားမည်

 

ရန်ကုန်    ဖေဖော်ဝါရီ   ၁၆


အာဆီယံနိုင်ငံများ        အကြား မြန်မာတစ်နိုင်ငံတည်းတွင် ဒေသ မျိုးရင်းအဖြစ်  တည်ရှိနေသည့် ငါးမြင်းငါးကို  စီးပွားဖြစ်  မွေးမြူ ထုတ်လုပ်၍   National    Fish အဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ပိုင်းတွင် ကျင်းပသည့် ငါးလုပ်ငန်း သိပ္ပံ (တွံတေး) မှ    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့   ငါးမြင်း မျိုးစိတ်ကောင်ရေ ၁၀၀ သုတေ သနပြု           သားဖောက်မွေးမြူ ထုတ်လုပ်ရန် လွှဲပြောင်းပေးအပ် သည့် အခမ်းအနားမှ သိရသည်။

 


ပြည်ပဝယ်လိုအား   အသင့် ရှိနေသော မြန်မာ့မျိုးရင်းငါးမြင်း ငါးကို     မွေးမြူထုတ်လုပ်နိုင်ရန် ကနဦး      သားဖောက်လုပ်ငန်း 
ဆောင်ရွက်၍ အောင်မြင်ပါက စီးပွားဖြစ်မွေးမြူ ထုတ်လုပ်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့မှ ရေမိုင် (၂၂) မိုင်ဝေးသော တွံတေးငါးလုပ်ငန်းစခန်း  ကို ငါးမြင်းငါး စုဆောင်းရေးစင်တာအဖြစ်ထားရှိကာ ကျန်းမာသန်စွမ်း သော ငါးသားပေါက်များကို   စုဆောင်း၍  ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ အုတ်ကန်နှင့် မြေကြီးကန်တို့တွင် မွေးမြူပြုစုခဲ့ရာ ကနဦးသုတေသန အဖြစ် နှစ်နှစ် မွေးမြူခဲ့စဉ် ၆၀ ရာခိုင်နှုန်း ရှင်သန်အောင်မြင်ခဲ့ကြောင်း သိရသည်။ 

 


“ငါးမြင်းဟာ ဝယ်လိုအားကောင်းတဲ့ ရေထွက်ကုန်တစ်ခုပါ။ မြန်မာ နိုင်ငံ တစ်နိုင်ငံတည်းမှာရှိနေတဲ့ မျိုးရင်းဖြစ်တဲ့အတွက် သားပေါက်ကို  တွံတေးငါးလုပ်ငန်း  စခန်းက စုဆောင်းပြီးငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှာ ၂၀၂၁ ခုနှစ်ကစပြီး သုတေသနစမ်းသပ်မွေးမြူခဲ့တာ နှစ်နှစ်ရှိပါပြီ။ ငါးမြင်းဟာ အစာကို အရှင်ဖမ်းစားပြီး ရေနက်နက်မှာ နေထိုင်တတ်တာ ဖြစ်ပေမယ့်  ဒီမှာသုံး/လေးပေအနက်မှာ    မွေးမြူပြီး  အစာတောင့် ကျွေးမွေးခဲ့တာ အောင်မြင်ခဲ့တယ်။ အခြားငါးတွေနည်းတူ (၃/၄) နှစ်သား ဖောက်မွေးမြူမှု အောင်မြင်ခဲ့ရင် အဖြေတစ်ခုတော့ရလာမှာပါ။ သဘာဝ ရေပြင်ကနေ မွေးမြူရေးကန်မှာ မွေးမြူတာဖြစ်တဲ့အတွက် သူလိုချင်တဲ့ အာဟာရဓာတ်တွေကို  ဖန်တီးပြီး  သဘာဝနဲ့ကိုက်ညီအောင် မွေးမြူ သွားမယ်ဆိုရင် သားဖောက်တဲ့အဆင့်ကို အောင်မြင်မှာပါ။ ဆိုဒ်လေးမျိုး ပါဝင်တဲ့ နှစ်နှစ်သားကနေ သုံးနှစ်သားအထိ ငါးမြင်းကောင်ရေ ၁၀၀  ကို သုတေသနပြုသားဖောက်ပြီးရင် စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်ဖို့ ယနေ့မှာ ပေးအပ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေမှာမရှိတဲ့ တိုင်းရင်း မျိုးစိတ်ဖြစ်တဲ့အတွက် National fish အဖြစ် ဂုဏ်ယူလို့ရတဲ့မျိုးစိတ်အဖြစ် ရှိနေပါတယ်”  ဟု  ငါးလုပ်ငန်းသိပ္ပံ (တွံတေး)  ကျောင်းအုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာမောင်က ပြောသည်။

 


မြန်မာ့မျိုးရင်းငါးမြင်းငါးကို မန္တလေးတိုင်းဒေသကြီး အောက်ပိုင်းမှ စ၍  တွေ့မြင်ရပြီး မဲခေါင်မြစ်တွင်မရှိသော မျိုးစိတ်ဖြစ်သောကြောင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ် မျိုးရင်းတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်ချိန်က ပေါများခဲ့သော ငါးသလောက်ကို ယနေ့ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌  National  Fish  အဖြစ်  သတ်မှတ်၍  ပြည်ပ ဈေးကွက်ကို ထိန်းချုပ်ထားလျက်ရှိပြီး ဝယ်လိုအားအသင့်ရှိနေသော မြန်မာ့ငါးမြင်းငါးကို     ပို့ကုန်တစ်ခုအဖြစ်တင်ပို့၍      မျိုးရင်းအဖြစ် ဆက်လက် ထိန်းသိမ်းကာ  ဆုံးရှုံးမှုမရှိစေရန်  အမျိုးသားငါးမျိုးစိတ်  (National Fish) အဖြစ် ရပ်တည်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 


“ငါးလုပ်ငန်းဦးစီးဌာနနဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက် ခဲ့တာကြာပါပြီ။      ယနေ့ဆောင်ရွက်မှုဟာ   ဝမ်းသာဂုဏ်ယူစရာပါ။ မြန်မာ့မျိုးရင်းငါးမြင်းကို သားဖောက်နိုင်မယ်လို့လည်း ယုံကြည်တယ်။  အာဆီယံနိုင်ငံတွေမှာ မရှိတဲ့ မြန်မာ့ငါးမြင်းကို သားဖောက်နိုင်အောင် ပညာရှင်တွေအားလုံးနဲ့ ဆွေးနွေးတိုင်ပင်သွားမှာပါ။ ငါးမြင်းကို မြန်မာ နိုင်ငံရဲ့ အမျိုးသားငါး (National Fish) အဖြစ် သတ်မှတ်နိုင်အောင် ကြိုးစားသွားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီး တန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင် က ပြောသည်။

 


ပြည်ပဝယ်လိုအားအသင့်ရှိနေသော ရေထွက်ကုန်ဖြစ်၍ ဈေးနှုန်း အမြင့်ဆုံးဖြစ်သောကြောင့်      သားဖောက်လုပ်ငန်း    အောင်မြင်ပါက မွေးမြူထုတ်လုပ်နိုင်ခြင်းဖြင့် ငါးတန်ကဲ့သို့ နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးနိုင်သော      ရေထွက်ကုန်ဖြစ်လာမည်ဖြစ်ပြီး   ငါးမြင်းငါး သားပေါက်များကို မြစ်သုံးခုဆုံရာ တွံတေး မြစ်ဝ၊ ညောင်တုန်းဝဲကြီး သောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်တို့မှ စုဆောင်းရရှိခြင်း ဖြစ်သည်။ ယနေ့တွင် ပန်းတနော်မြို့နယ် Global Art ငါးမွေးမြူရေးဇုန် သို့ ငါးမြင်းကောင်ရေ ၁၀၀ အား အအေးခန်းနှင့် အောက်ဆီဂျင်ပါသော ကားဖြင့်   ပို့ဆောင်ခဲ့ပြီး   ငါးမွေးမြူရေးဇုန်တွင်     သုတေသနပြု၍ သားဖောက်လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ အောင်မြင်ပါက စီးပွားဖြစ်  မွေးမြူထုတ်လုပ်၍  ဈေးကွက်အသင့်ရှိနေသော  ပြည်ပ နိုင်ငံများသို့ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။                      

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး