အာဆီယံထိပ်သီးအစည်းအဝေးနှင့် မြန်မာနိုင်ငံ 

Type

 

ကိုမြန်မာ 
 

ယခုအခါ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရခန့်အပ်သည့်ရာထူး မဟုတ်သော ကိုယ်စားလှယ်တစ်ဦးကိုသာ အာဆီယံအမြဲတမ်းကော်မတီဥက္ကဋ္ဌက ဖိတ်ကြားမည်ဆိုသည့်သတင်းအပေါ်တွင် စိတ်ဝင်စားမှု များ မြင့်တက်လျက်ရှိကြရာ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှအမြင်ကို ပြည်သူများ သိရှိနိုင်ရန် သုံးသပ်တင်ပြလိုပါသည်။

 


ဤကိစ္စ၏ မူလအစမှာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေး၌ အချို့သောအာဆီယံ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံသည် ဧပြီလ ၂၄ ရက်နေ့ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင်  ချမှတ်ခဲ့သော တူညီဆန္ဒငါးရပ်ကို လိုက်နာ ရန် နှောင့်နှေး/ ပျက်ကွက်သည်ဟု စွပ်စွဲကာ ယင်းအတွက် မြန်မာနိုင်ငံ ကို လာမည့်အာဆီယံထိပ်သီးအစည်းအဝေးသို့  လုံးဝဖိတ်ကြားရန် မသင့်ဟုပင်   ဖိအားပေးပြောဆိုလာခဲ့ကြသည်။ မြန်မာနိုင်ငံအပေါ် နားလည်စာနာမှုရှိသော အချို့နိုင်ငံတို့ကမူ အာဆီယံ၏ ပဋိညာဉ်၌ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် ကန့်သတ်နိုင်သည့် ပြဋ္ဌာန်းချက်မရှိပါကြောင်း ထောက်ပြပြော ဆိုခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ ဖြစ်ပေါ်နေသည့် အခြေအနေများကို လည်း ထည့်သွင်းစဉ်းစားရန်လိုမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး    ဦးဝဏ္ဏမောင်လွင်က    ဤကိစ္စသည် အာဆီယံ၏မူဝါဒ၊ ပဋိညာဉ်တို့တွင် ပါရှိခြင်းလည်းမရှိ၊ တူညီဆန္ဒလည်း မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံက သဘောမတူကြောင်း ပြင်းထန်စွာကန့်ကွက်ပြောကြားခဲ့သည်။ ထို့အပြင် ယင်းကန့်ကွက် ချက်ကို မှတ်တမ်းတင်ပေးရန်နှင့်  အစည်းအဝေးသဘာပတိဖြစ်သော ဘရူနိုင်းနိုင်ငံက   ထုတ်ပြန်မည့်   ထုတ်ပြန်ကြေညာချက်တွင်လည်း မြန်မာနိုင်ငံ၏သဘောထားကို ထည့်သွင်းဖော်ပြပေးရန် ပြောကြား ခဲ့ပါသည်။

 


တူညီဆန္ဒမရရှိခဲ့သော အဆိုပါအထူးအစည်းအဝေးမှ သဘာပတိ အာဆီယံအမြဲတမ်းကော်မတီ အလှည့်ကျဥက္ကဋ္ဌ၏  မိမိသဘောဖြင့် ထုတ်ပြန်ကြေညာချက်ကို   အထောက်အထားပြုလျက်   အာဆီယံ အမြဲတမ်းကော်မတီ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ထံသို့ လာမည့်ထိပ်သီးအစည်းအဝေး တွင် မြန်မာနိုင်ငံဘက်မှ နိုင်ငံရေးအရခန့်အပ်သည့်ရာထူး မဟုတ်သော ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း အကြောင်း ကြားလာခဲ့ပြီး တရားဝင်စာဖြင့်လည်း  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်ကို  လိပ်မူလျက်   ဖိတ်ကြားစာပေးပို့ခဲ့သည်။ ယင်းဖိတ်ကြားစာတွင် မြန်မာကိုယ်စားလှယ်သည် ထိပ်သီးအစည်း အဝေး၌ စကားပြောကြားခွင့် အချိန်သုံးမိနစ်သာ ရရှိမည်ဖြစ်ပြီး ယင်း သို့ ပြောကြားမည့် အကြောင်းအရာကိုလည်း ကြိုတင်ပေးပို့သွားရမည် ဟု ပါရှိသည်။

 


ဤကိစ္စနှင့်ပတ်သက်၍  အချို့သော  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်   အခြေအမြစ်မရှိသော  စွပ်စွဲချက်များကိုအခြေခံ၍ နိုင်ငံရေးအရဖိအားပေးရန်အလို့ငှာ အာဆီယံထိပ်သီးဆွေးနွေးပွဲအား မြန်မာနိုင်ငံပါဝင်တက်ရောက်ခွင့်ကို ကန့်သတ်ပိတ်ပင်၊ အဆင့်လျှော့ချ ရန် ကြိုးပမ်းမှုများသည်   အာဆီယံ၏   ပဋိညာဉ်စာတမ်းပါ   မူဝါဒ၊ ရည်မှန်းချက်နှင့် ပြဋ္ဌာန်းချက်များကို ပြောင်ကျကျချိုးဖောက်လျက်ရှိကြောင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။ 

 


လုပ်ပိုင်ခွင့်ဘောင်ကျော်နေမှု


ပထမဆုံးထောက်ပြရမည့်အချက်မှာ       အာဆီယံပဋိညာဉ်၏ အခန်း(၄) အပိုဒ်(၈) (၂) အရ  အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်ရမည့်အဖွဲ့အစည်းမှာ အာဆီယံ လုပ်ငန်း ညှိနှိုင်းပေါင်းစပ်ရေးကောင်စီသာဖြစ်ပြီး     အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မဟုတ်ပေ။ အာဆီယံပဋိညာဉ် အခန်း(၄) အပိုဒ်(၁၀) (၁) အရ  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပါအဝင်    အာဆီယံဝန်ကြီးအဆင့်   ကဏ္ဍအလိုက်အဖွဲ့အစည်း များသည် ယင်းတို့နှင့်သက်ဆိုင်သော သတ်မှတ်ထားသည့်လုပ်ပိုင်ခွင့် နှင့်အညီသာ  လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းတို့၏ လုပ်ပိုင် ခွင့်ပေးထားခြင်းမရှိသော လုပ်ငန်းများကို ဘောင်ကျော်၍ လုပ်ဆောင် ခွင့်မရှိပေ။ ထို့အပြင် ယင်းအစည်းအဝေး၌ ကိစ္စတစ်ရပ်ကို ဆုံးဖြတ်ပိုင် ခွင့်ရှိသည် မဟုတ်ဘဲ ယင်းတို့၏ သက်ဆိုင်ရာ အာဆီယံအသိုက် အဝန်းကောင်စီ အသီးသီးသို့ အစီရင်ခံစာနှင့်  ထောက်ခံချက်များသာ တင်သွင်းရမည်ဖြစ်သည်။

 


စင်စစ်၌   အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေး၏ အထက်ရှိ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီသည်ပင်လျှင် ပဋိညာဉ်၏ အခန်း(၄) အပိုဒ်(၉) (၄) အရ အာဆီယံ ထိပ်သီးအစည်းအဝေး၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရမည်သာဖြစ်ပြီး မိမိကိုယ်တိုင်ကိစ္စရပ်များကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကိစ္စရပ် များအတွက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အစီရင်ခံစာများနှင့် ထောက်ခံချက်များသာ တင်သွင်းရမည်ဖြစ်သည်။ ထို့အပြင် ပဋိညာဉ် အခန်း(၇) အပိုဒ်(၂၀) အရ  အခြေခံမူတစ်ရပ်အဖြစ်   အာဆီယံတွင် ဆုံးဖြတ်ချက်ချမှတ်မှုကို တိုင်ပင်ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒပေါ်တွင် အခြေပြုရမည်ဟု သတ်မှတ်ထားရာ မြန်မာနိုင်ငံက သဘောမတူကန့်ကွက်ထားသော ကိစ္စတစ်ရပ်ကို မည်သို့မျှ ဆုံးဖြတ် ချက်တစ်ရပ်အဖြစ် ချမှတ်ပိုင်ခွင့်မရှိပေ။

 


ဆုံးဖြတ်ချက်ပေးနိုင်သည့်အဖွဲ့အစည်း


အာဆီယံ၏ ပဋိညာဉ်  အခန်း(၄) အပိုဒ်(၇) (၂) အရ အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံးအဖွဲ့အစည်းမှာ အာဆီယံထိပ်သီး အစည်းအဝေးဖြစ်ပြီး   ဤထိပ်သီးအစည်းအဝေးကသာ  အာဆီယံ လုပ်ငန်း   ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊    အာဆီယံအသိုက်အဝန်း ကောင်စီများနှင့် အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်း များက တင်ပြလာသည့်ကိစ္စရပ်များအပေါ်တွင် ဆွေးနွေးခြင်း၊ မူဝါဒ ပိုင်းဆိုင်ရာ လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ခြင်း ပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ   အမှန်တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်  အာဆီယံထိပ်သီး အစည်းအဝေးတွင် ပါဝင်တက်ရောက်ရမည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး အား အစည်းအဝေး   တက်ရောက်ခွင့်  ပြု/မပြု  ဆိုသည့်ကိစ္စကို ယင်းထိပ်သီးအစည်းအဝေး၏ အောက်နှစ်ဆင့်နိမ့်သည့် နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး၌ တက်ရောက်ခဲ့သည့်  နိုင်ငံခြားရေး ဝန်ကြီး အနည်းငယ်၏ သဘောထားဆန္ဒအရဟုဆိုကာ တူညီဆန္ဒ မရှိဘဲ လုပ်ပိုင်ခွင့်ကိုကျော်လွန်၍    အစည်းအဝေး   သဘာပတိက “ဆုံးဖြတ်ခဲ့သည်”ဟု မိမိသဘောအလျောက် ထုတ်ပြန်ကြေညာခဲ့သည် မှာ အာဆီယံပဋိညာဉ်၏ ပြဋ္ဌာန်းချက်ပေါင်းများစွာကို သိသိကြီးနှင့် ကျော်လွန်ချိုးဖောက်ရာ ရောက်နေပေသည်။ 

 


တန်းတူမှု


အမှန်စင်စစ်  ပဋိညာဉ် အပိုဒ်(၇) (၁) အရ အာဆီယံထိပ်သီးအစည်း အဝေးကို  အဖွဲ့ဝင်နိုင်ငံများ၏  နိုင်ငံအကြီးအကဲ (သို့မဟုတ်) အစိုးရ အဖွဲ့အကြီးအကဲများအားလုံးနှင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အပိုဒ် (၅) (၁) အရ   အဖွဲ့ဝင်နိုင်ငံများသည်   တူညီသည့်အခွင့်အရေးများနှင့် တာဝန်များရှိကြသည်။ ထို့ကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်ဖြစ်သော နိုင်ငံအကြီးအကဲတစ်ဦးသည် အခြားအဖွဲ့ဝင်နိုင်ငံများ နှင့်    တန်းတူတက်ရောက်ခွင့်ရှိရမည်ဖြစ်ပြီး   ယင်းအခွင့်အရေးကို ပိတ်ပင်ကန့်သတ်တားဆီးနိုင်သည့်       မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ အာဆီယံပဋိညာဉ်တွင် ပြဋ္ဌာန်းထားခြင်း မရှိပေ။

 


ထို့အပြင်   အာဆီယံ၏  အခြေခံမူများအား အပိုဒ်(၂) (၂) တွင် ဖော်ပြရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ် အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာခြင်းဟူသည့် အချက် က ရှေ့တန်းမှ ပါဝင်နေသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသား ရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစား ခြင်းဟူသော အချက်တို့လည်း ပါဝင်နေပေသည်။ ထို့ကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံ၏   ပြည်တွင်းရေးကို   ပြောင်ကျကျပါဝင်စွက်ဖက်ရန် ကြိုးပမ်းလာကာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်နှင့် မသင့်မလျော် ချိတ်ဆက်ဖိအားပေးလာခြင်းသည် အာဆီယံ၏ အခြေခံ မူများကို   ပြင်းထန်စွာ   ချိုးဖောက်ခြင်းဖြစ်ပြီး   အထက်တွင်ဖော်ပြခဲ့ သည့်အတိုင်း အာဆီယံပဋိညာဉ်ပါ လုပ်ထုံးလုပ်နည်းနှင့် လုပ်ပိုင်ခွင့် များကိုပါ ဘောင်ကျော်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပေ သည်။

 


မြန်မာနိုင်ငံ၏ ရပ်တည်ချက်သဘောထား


မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ ယနေ့ထက်တိုင် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်  သစ္စာရှိရှိ၊ တာဝန်သိသိ ပါဝင်ရပ်တည် လျက်ရှိသည်။ အခြားအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်လည်း အာဆီယံ မိသားစုစိတ်ဓာတ်ဖြင့် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ဆက်ဆံ လျက်ရှိပေသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို ဦးဆောင်ချမှတ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပါ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာကိုလေးစားရေး၊ အပြန်အလှန် မကျူးကျော်ရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ အကျိုးတူကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြဿနာများကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းဖြေရှင်းရေးဟူသော မူကြီးငါးချက်ကို အစဉ် အလေးထား  လေးစားလိုက်နာလျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံ အာဆီယံအမြဲတမ်းကော်မတီ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ်က အိမ်နီးချင်းအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဆူပူမှု အဓိကရုဏ်းများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး စစ်ဘက်မှ အာဏာ သိမ်းမှု   ဖြစ်ပွားခဲ့ရသော်လည်း   နိုင်ငံတစ်ခု၏    ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုသည့် အခြေခံမူကို လေးစားလိုက်နာလျက် အာဆီယံ   ထိပ်သီးအစည်းအဝေးကို   ယင်းနိုင်ငံမှ   အကြီးအကဲ အပါအဝင် နိုင်ငံအားလုံးကိုဖိတ်ကြားကာ   အောင်မြင်စွာ  ဦးဆောင် ကျင်းပပေးခဲ့သည့် သာဓကရှိပေသည်။  

 


သို့ပင်လျက်   ယခုမြန်မာနိုင်ငံနှင့်  ပတ်သက်သည့်  ကိစ္စတွင် နောက်ကွယ်မှ   အင်အားကြီးအုပ်စုအချို့၏  နိုင်ငံရေးဖိအားများကို မလွန်ဆန်နိုင်သည့် အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးနှင့်ပတ်သက်၍   လိုသလိုဖိအားပေးပုံသွင်းနိုင်ရေးအတွက် မည်သို့မျှ  စပ်ဆိုင်ဆီလျော်ခြင်းမရှိသည့်   အာဆီယံထိပ်သီးအစည်း အဝေး တက်ရောက်ရေးကိစ္စနှင့်    ဇွတ်အတင်း   ဆက်စပ်ဖိအားပေး အကျပ်ကိုင်ရန် ကြိုးပမ်းလာခြင်းမှာ အာဆီယံ၏ပဋိညာဉ်စာတမ်းမှ နိဒါန်းစာပိုဒ်တွင် ပါဝင်သည့် “တစ်ခုတည်းသောအမြင်၊ တစ်ခုတည်း သော   အသွင်လက္ခဏာ၊   တစ်ခုတည်းသော   ကောင်းတူဆိုးဖက် “အသိုက်အဝန်း” ဟူသည့် သဘောထားရည်မှန်းချက်နှင့်  စည်းလုံး ညီညွတ်မှု၊    တူညီသောဆန္ဒနှင့်    စုပေါင်းစိတ်ဆုံးဖြတ်မှုတို့ဖြင့်   ပေါင်းစည်းကြမှု” ဟူသည့် ကောင်းမြတ်သောစိတ်ဆန္ဒ ရည်မှန်းချက် များကို ချိုးဖဲ့ဖျက်ဆီးရာ ရောက်နေကြောင်း ဝမ်းနည်းဖွယ်တွေ့မြင်ရ ပေသည်။

 


မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိသော တာဝန်ကျေ သော အဖွဲ့ဝင်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး၊ အာဆီယံအဖွဲ့ကြီး၏ အခြေခံကျောရိုးသဖွယ်ဖြစ်သော အာဆီယံ၏ ပဋိညာဉ်ကို ဤကဲ့သို့ လိုရာဆွဲ ချိုးဖောက်လုပ်ဆောင်လာမှုများကို အဖွဲ့ကြီး၏ ရေရှည် အကျိုးစီးပွားအလို့ငှာ   မည်သို့မျှ   မျက်ကွယ်ပြု   လျစ်လျူရှုထား၍ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသို့လုပ်ဆောင်မှုများကို လက်လွတ်စပယ် ခွင့်ပြုလိုက်ပါက  မျက်မှောက်ကာလကဲ့သို့ ဒေသတွင်း၌ မဟာဗျူဟာ အင်အားပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင်  အာဆီယံအဖွဲ့ကြီးအတွင်း စိတ်ဝမ်းကွဲပြားမှုများ   ကျယ်ပြန့်လာနိုင်ပြီး   အာဆီယံ၏ စည်းလုံး ညီညွတ်မှုနှင့် အချက်အချာကျမှုတို့ကိုပါ ခြိမ်းခြောက်လာနိုင်သည့် အလားအလာရှိလာမည် ဖြစ်ပေသည်။

 


ထို့အပြင်   လွတ်လပ်သော    အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုအနေဖြင့် မြန်မာနိုင်ငံသည်  နိုင်ငံတကာဥပဒေနှင့်  နိုင်ငံတကာ ဆက်ဆံရေးကျင့်ထုံးများနှင့်အညီ အာဆီယံအဖွဲ့ကြီး၏  ပဋိညာဉ်ပါ တန်းတူညီမျှမှုနှင့်   အခြားရပိုင်ခွင့်များကို  ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားရမည်ဖြစ်ပါသည်။

 


သို့ဖြစ်ရာ   ယခုပေါ်ပေါက်လျက်ရှိသော  အငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံပဋိညာဉ် အခန်း(၈) အပိုဒ်(၂၂) အရ အငြင်း ပွားမှုကို တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေး ခြင်းနည်းတို့ဖြင့် အချိန်မီ ငြိမ်းချမ်းစွာဖြေရှင်းရန်  မြန်မာနိုင်ငံဘက်မှ ဆန္ဒရှိပါသည်။ ထိုသို့ အငြင်းပွားမှုကို ဖြေရှင်းရာတွင်လည်း အပိုဒ်(၂၃) ပါ နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ ကြားဝင် ဖျန်ဖြေဆောင်ရွက်ပေးနိုင်ရေးအတွက် မေတ္တာရပ်ခံ၍ ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး ဖြေရှင်း၍မရနိုင်ပါက အပိုဒ်(၂၆) တွင် ဖော်ပြထား သည့်အတိုင်း အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားရန်သာ ရှိပေတော့သည်။

 


မြန်မာနိုင်ငံအနေဖြင့်မူ   မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ ဒေသတွင်း အကျိုးစီးပွားနှင့် နိုင်ငံတကာ ရေရှည်အလားအလာတို့ကို ထည့်သွင်းတွက်ဆလျက် အာဆီယံအဖွဲ့၏   တာဝန်သိသော အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်၍ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများကို  လုပ်ဆောင်သွားခြင်းသည်သာ   အကောင်းဆုံး နည်းလမ်း    ဖြစ်ပေသည်။   အာဆီယံ၏    တူညီဆန္ဒငါးချက်   အပါ အဝင် မြန်မာနိုင်ငံ၏ ကတိကဝတ်နှင့်  ထမ်းဆောင်ရမည့်  တာဝန် ဝတ္တရားများကိုလည်း  နိုင်ငံ၏အချုပ်အခြာအာဏာနှင့်   အဓိကကျ သော   အမျိုးသားအကျိုးစီးပွားမူဘောင်အတွင်းမှ  အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားရမည် ဖြစ်သည်။

 


အခြားအာဆီယံ       အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း     အာဆီယံ ၏   ပဋိညာဉ်ပါ   ရည်မှန်းချက်၊  မူဝါဒ၊   ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏  အချုပ်အခြာအာဏာပိုင်မှုနှင့်  အာဆီယံအဖွဲ့အတွင်း တန်းတူညီမျှမှုတို့ကို       လေးစားလျက်၊     အာဆီယံမိသားစု   စိတ်ဓာတ်၊   အာဆီယံနည်းလမ်းတို့ကို အခြေပြုကာ ဘေးပယောဂများ မပါဝင်ဘဲ  အငြင်းထွက်အကြောင်းအရာများကို အဖွဲ့ဝင်အချင်းချင်း တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီး    တူညီဆန္ဒရယူ   ဖြေရှင်းခြင်းသည်သာ   အကောင်းဆုံး    နည်းလမ်းဖြစ်ပါကြောင်း    သုံးသပ်တင်ပြလိုက်ရ ပါသတည်း။     ။