
နေပြည်တော် ဩဂုတ် ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးမည့်ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြား ရေးဝန်ကြီးဌာန နေပြည်တော်မှ တက်ရောက်သည်။
တက်ရောက်
ယင်း “Pledging Conference” ကို အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး H.E. Retno Marsudi ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L. Locsin Jr. ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E. Vivian Balakrishnan ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Bui Thanh Son၊ လာအိုနိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Thongphane Savanphet ၊ အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။
အစည်းအဝေး၌ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံ ခေါင်းဆောင်များ၏ တူညီဆန္ဒ (၅) ချက်၏ စတုတ္ထမြောက်အချက်နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထားမည်ဖြစ်ပြီး ဒုတိယအဆင့်သည် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို အလေးထားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ် ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ငွေကြေးနှင့်အထောက် အပံ့ပစ္စည်းများ လှူဒါန်းရန် ကတိကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi အား ယခု “Pledging Conference” ကျင်းပပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တက်ရောက်လာကြသူများကို မြန်မာနိုင်ငံသို့ လှူဒါန်းမှုများနှင့် ကတိကဝတ်များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ၌ ကူးစက်ရောဂါကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို တည်ထောင်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် ပြည်သူများအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များအားလုံးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းကူးစက်မှုနှင့် ကူးစက်မှုတိုးမြင့်နေမှုတို့ကို ထိန်းချုပ်ရန်အတွက် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အထောက်အပံ့များနှင့် ဆက်စပ်ပစ္စည်းများ လိုအပ် လျက်ရှိကြောင်း။
ဇူလိုင်လအတွင်း မိုးကြီးမှုများကြောင့် မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသ အချို့၌ ရေကြီးမှုဖြစ်ခဲ့ပြီး နေရာဒေသအချို့မှ ပြည်သူများ ထိခိုက်နစ်နာမှု များ ဖြစ်ခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အထောက်အပံ့များ အရေးကြီးသကဲ့သို့ပင် ထိခိုက်နစ်နာသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် အခြေခံ လိုအပ်ချက်များ၊ အရေးပေါ် နားခိုရာတဲ၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် လုံလောက်သော ဆေးဝါးအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း။
ယခုအစည်းအဝေးရလဒ်များသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင်သာမက ရေကြီးမှုတွင် ထိခိုက်နစ်နာသူများ အတွက် လိုအပ်ချက်များအတွက်ပါ အကူအညီဖြစ်စေမည်ဖြစ်ကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးအတွက် အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထားရှိမှုများနှင့် အသင့်ရှိနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေး၌ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူး ဇီလန်နိုင်ငံတို့မှ ငွေကြေးအထောက်အပံ့အားဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၀၀၀၀၀၊ ဩစတြေးလျဒေါ်လာ ငါးသန်းနှင့် ယူရို ၃၇၀၀၀၀ ကို လှူဒါန်းရန် ကတိပြုခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။ ငွေကြေးနှင့် ပစ္စည်းအထောက်အပံ့များအားလုံးကို အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနမှ တစ်ဆင့် လှူဒါန်းသွားမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်