
နေပြည်တော် ဇူလိုင် ၂၇
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ သည်။
တက်ရောက်
အဆိုပါအစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဆင့်များ ဦးဆောင်သည့် SOMTC ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြ သည်။ မြန်မာနိုင်ငံမှ SOMTC ခေါင်းဆောင်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များက နေပြည်တော်ရှိ Horizon Lake View Hotel ၊ Inn Gyin Villa ရှိ အစည်းအဝေးခန်းမမှ ပါဝင် တက်ရောက်ခဲ့ကြသည်။
အဆိုပါ 21st SOMTC စုံညီအစည်းအဝေး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် H.E. Haji Sufian bin Haji Sabtu က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် အာဆီယံ (၁၀) နိုင်ငံမှ SOMTC ခေါင်းဆောင်များက နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံအလိုက် ဆောင်ရွက်နေမှု၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
ထို့နောက် လက်နက်မှောင်ခို သယ်ဆောင် ရောင်းဝယ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး၊ ဆိုက်ဘာမှုခင်း တိုက်ဖျက် ရေး၊ တောရိုင်းတိရစ္ဆာန်နှင့်သစ်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်ခဲ့သည့် ရလဒ်များနှင့် အစီရင်ခံစာများကို ဘာသာရပ်ဆိုင်ရာ ဦးဆောင်နိုင်ငံများအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက် မှု၊ လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ ပင်လယ်ရေကြောင်း ဓားပြမှုများ၊ လူကုန်ကူးမှုများ၊ နိုင်ငံတကာစီးပွားရေး မှုခင်းနှင့် ဆိုက်ဘာမှုခင်းများ၊ တရားမဝင်မူးယစ် ဆေးဝါးသယ်ဆောင်မှုနှင့် တရားမဝင်သစ်နှင့် တောရိုင်းတိရစ္ဆာန် ခိုးထုတ်သယ်ယူမှုများနှင့် ပတ်သက်၍ ၂၀၁၆-၂၀၂၅ အာဆီယံနိုင်ငံ ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းစီမံချက် မူဘောင်မှ ၂၀၁၉-၂၀၂၁ SOMTC ၏ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်မှုတို့ကို အသေးစိတ်ပြန်လည် သုံးသပ်ဆွေးနွေးကြသည်။ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများ၊ အာဆီယံ အပါအဝင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ၂၀၁၆-၂၀၂၅ အာဆီယံ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးမူဘောင်၏ SOMTC လုပ်ငန်း အစီအမံ ၂၀၂၂-၂၀၂၄ အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားမှုကို ဘရူနိုင်းနိုင်ငံက ဦးဆောင်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော SOMTC နှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့နှင့် ညှိနှိုင်းဆွေးနွေးမည့် အစည်းအဝေးအစီအစဉ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာနိုင်ငံများက ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
အဆိုပါ ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မည့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်