အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း  ထိုင်း၊ စင်ကာပူတို့နှင့် တစ်အုပ်စုတည်းကျရောက်

 

 

ရန်ကုန်  စက်တင်ဘာ  ၂၁


၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက Virtual ပုံစံဖြင့် ပြုလုပ်ခဲ့ရာ အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဘောလုံးအဖွဲ့ချုပ်များမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စု(A) တွင် ထိုင်း၊ ဖိလစ်ပိုင်၊  စင်ကာပူ၊  ခြေစစ်ပွဲအောင် အသင်းတို့နှင့်    ကျရောက်ခဲ့ပြီး   အုပ်စု(B)တွင်မူ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် လာအိုအသင်းတို့ ပါဝင်ခဲ့သည်။ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံကိုမူ ပြန်လည် ထုတ်ပြန်မည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
ခြေစစ်ပွဲအဖြစ် ဘရူနိုင်းအသင်းနှင့် တီမောအသင်းတို့ တစ်ကျော့တည်း    ယှဉ်ပြိုင်ရမည်ဖြစ်ကာ ကစားမည့်ရက်ကို  အာဆီယံဘောလုံးအဖွဲ့ချုပ် က  ထပ်မံထုတ်ပြန်မည်ဖြစ်သည်။  မြန်မာအသင်းသည် နောက်ဆုံး ကျင်းပခဲ့သည့်  ၂၀၁၈  ပြိုင်ပွဲတွင် တစ်အုပ်စုတည်း  ကျရောက်ခဲ့သော အသင်းများနှင့်   မတွေ့ဆုံသော်လည်း  ပြိုင်ပွဲ၏   အအောင်မြင်ဆုံး   နှစ်သင်းဖြစ်သည့် ထိုင်း၊ စင်ကာပူတို့နှင့် တစ်အုပ်စုတည်း ကျရောက် ခဲ့သည်။ မြန်မာအသင်းသည် တစ်အုပ်စုတည်း ကျရောက်နေသည့်     အသင်းများအနက်  အုပ်စုအဆင့်တွင်  ထိုင်း၊ စင်ကာပူတို့နှင့် ၂၀၁၄  ပြိုင်ပွဲတွင် လည်းကောင်း၊    ဖိလစ်ပိုင်အသင်းနှင့်   ၂၀၁၂ ပြိုင်ပွဲတွင် လည်းကောင်း နောက်ဆုံးတွေ့ဆုံခဲ့သည်။ 
ခြေစစ်ပွဲကစားမည့် အသင်းများအနက် အုပ်စုအဆင့်တွင် တီမော အသင်းနှင့် ၂၀၀၄ ပြိုင်ပွဲ တစ်ကြိမ်သာ တွေ့ဆုံဖူးပြီး ဘရူနိုင်းအသင်းနှင့်မူ    တွေ့ဆုံဖူးခြင်းမရှိကြောင်း သိရသည်။  တစ်ဖက်အုပ်စုတွင်မူ   ၂၀၁၈ ပြိုင်ပွဲ ဗိုလ်လုပွဲတွင်  တွေ့ဆုံခဲ့သည့်  ဗီယက်နမ်နှင့်  မလေးရှားအသင်း ကျရောက်ခဲ့သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲအတွက် မကြာမီစခန်းဝင် လေ့ကျင့် နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ နည်းပြချုပ်အဖြစ် အန်တွမ်နီဟေး က ကိုင်တွယ်မည်ဖြစ်သည်။  ရဲရင့်လွင်၊ ဓာတ်ပုံ- affsuzukicup.com