
ဒေါက်တာ
ဝါဝါမောင်
(ယမန်နေ့မှအဆက်)
(စ) ဒေသတွင်းနှင့် ကမ္ဘာ့အရေးကိစ္စများ အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ လိုလားချက် များကို အာဆီယံ၏ ဘုံဝိသေသလက္ခဏာ များဖြစ်သော လိုက်လျောညီထွေစွာနှင့် တုံ့ပြန်နိုင်စွမ်းမြင့်မားစွာဖြင့် ဆောင်ရွက် နိုင်မှုကို ထင်ဟပ်စေသည့် အသိုက်အဝန်း တစ်ခုဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက် သွားမည်ဖြစ်ပါသည်၊
(ဆ) အာဆီယံအသိုက်အဝန်း တည်ထောင် ရာတွင် ထိရောက်စွာနှင့် အပြည့်အဝပါဝင် စေခြင်းဖြင့် အမျိုးသမီးများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးသော၊ ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် အမျိုးသမီးများအား အလေးထား ထည့်သွင်းဆုံးဖြတ်သည့် အသိုက်အဝန်းတစ်ခုဖြစ်စေရန် ဆောင် ရွက်သွားမည်ဖြစ်ပါသည်၊
(ဇ) ယနေ့ခေတ်ကာလတွင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံ၏ ဝိသေသလက္ခဏာ၊ စံတန်ဖိုးနှင့် အရေးပါမှု ကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသော အာဆီယံအသိုက်အဝန်းအား ပိုမို ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက် ရာတွင် လူငယ်များမှ အကျိုးရှိထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်သော အသိုက်အဝန်း တစ်ခုဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊
(ဈ) အာဆီယံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာနှင့် ရိုးရာဓလေ့များကို တန်ဖိုးထား မြှင့်တင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစုများကို မြှင့်တင်ခြင်းနှင့် အာဆီယံ၏ အနှစ်သာရကို တန်ဖိုးထား ဂုဏ်ယူသောအသိုက်အဝန်းတစ်ခု ဖြစ်စေ ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊
(ည) အာဆီယံအား ငြိမ်းချမ်းသော၊ အားလုံးပါဝင် သော၊ ကျန်းမာကြံ့ခိုင်သော၊ ပညာရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သော အကောင်းဆုံး သော အားကစားဗဟိုဌာနအဖြစ် ပေါ်ထွန်း လာစေမည့် အားကစားများကို မြှင့်တင်ပေး သည့် အသိုက်အဝန်းတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပေါင်းစည်းဆက်နွှယ်မှု (Connectivity)
ပေါင်းစည်းဆက်နွှယ်မှုနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-
(က) ငွေကြေး လွှဲပြောင်းပေးချေမှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦ များ ချိတ်ဆက်ထားခြင်း၊ ဒီဂျစ်တယ် ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ စဉ်ဆက် မပြတ်ဆောင်ရွက်ထားခြင်း၊ ဆိုက်ဘာ လုံခြုံရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက် ထားခြင်း၊ စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန် စေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် ထိရောက်အားကောင်းစေရေး ဆောင်ရွက် ထားခြင်း၊ သတင်းအချက်အလက်များအား ထိရောက်စွာ နယ်စပ်ဖြတ်ကျော်စီးဆင်း နိုင်ခြင်း၊ ဒေသတွင်းရှိ ပြည်သူအချင်းချင်း အကြား ချိတ်ဆက်မှုအားကောင်းစေခြင်း နှင့် ရေရှည်တည်တံ့သည့် အခြေခံ အဆောက်အဦများ တည်ဆောက်ထားခြင်း အပါအဝင် အာဆီယံနိုင်ငံ နှစ်နိုင်ငံအကြား ဖြစ်စေ၊ အာဆီယံဒေသတွင်း နိုင်ငံများ အကြားဖြစ်စေ ပေါင်းစည်းဆက်နွှယ်မှုများ မြှင့်တင်ထားခြင်းကြောင့် ဘက်ပေါင်းစုံတွင် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင် သော အသိုက်အဝန်းတစ်ခု။ အာဆီယံအနေ ဖြင့် အခြားသောဒေသခွဲနှင့် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေးမူဘောင်များ အပါအဝင် အဓိကကျသည့် ချိတ်ဆက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အာဆီယံ ဒေသတွင်း ပေါင်းစည်းဆက်သွယ်မှု အားကောင်းစေရေး ဒေသတစ်ခုလုံး ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊
(ခ) အာဆီယံနိုင်ငံများရှိ မြို့များအား ရေရှည် တည်တံ့သည့်မြို့တော်များနှင့် ခေတ်မီသည့် မြို့တော်များအဖြစ် အဆင့်မြှင့်တင်ခြင်း အပါအဝင် ခေတ်မီနည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ အခြေခံအဆောက်အဦ များ အဆင့်မြှင့်တင်ကာ အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုများ ရရှိအောင် စီမံဆောင်ရွက် နိုင်စွမ်းရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ် စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဖွဲ့အစည်းဆိုင်ရာ အားကောင်းခိုင်မာစေခြင်း (Institutional Strengthening)
အာဆီယံအဖွဲ့အစည်းဆိုင်ရာ အားကောင်း ခိုင်မာစေခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-
“အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံမှ လုံလောက်သောဘဏ္ဍာငွေများ ပံ့ပိုးနိုင်သော၊ ကဏ္ဍအားလုံး၊ မဏ္ဍိုင်အားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပံ့ပိုးဆောင်ရွက် ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာစိန်ခေါ်မှု များကို ဖြေရှင်းဆောင်ရွက်နိုင်သော အနာဂတ် အတွက် အသင့်ဖြစ်နေသော၊ ရှင်းလင်းပြတ်သား သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သော၊ တုံ့ပြန် ဆောင်ရွက်နိုင်စွမ်းအားကောင်းသော၊ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်သော အာဆီယံ၏ အဖွဲ့အစည်းများ၊ ကဏ္ဍအလိုက် ဖွဲ့စည်းထား သည့် ကော်မတီအဖွဲ့များနှင့် ယန္တရားများဖြင့် အဖွဲ့အစည်းဆိုင်ရာ ထိရောက်ထက်မြက်သော စွမ်းဆောင်ရည်များမြှင့်တင်ခြင်းဖြင့် အာဆီယံ၏ အချက်အချာကျမှုကို တည်တံ့စေသည့်အသိုက် အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။”
ကျွန်ုပ်တို့၏ ကတိပြုချက် (Our Commitment)
ကျွန်ုပ်တို့၏ ကတိပြုချက်အဖြစ် အောက်ပါ အတိုင်း ဖော်ပြပါဝင်ပါသည်-
“အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပံ့ပိုးမှု နှင့်အတူ အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံပေါင်းစည်းဆက်နွှယ်မှု ညှိနှိုင်းရေး ကော်မတီများအား တာဝန်ပေးအပ်ခြင်းဖြင့် တက်ကြွ၍ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသော ပြည်သူဗဟိုပြုအာဆီယံအဖြစ် ဖော်ဆောင် နိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ချိတ်ဆက်ဆောင်ရွက်မှု၊ အဖွဲ့ အစည်းဆိုင်ရာအားကောင်းစေမှု စသည့်အာဆီယံ မျှော်မှန်းချက်ပါ ကတိကဝတ်များကို ထိရောက်စွာ နှင့် အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး အတွက် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို သဘောတူချမှတ်ကြပါသည်။”
သုံးသပ်ချက်များ
စာရေးသူအနေဖြင့် ၂၀၀၀ ပြည့်နှစ်များကတည်း က တာဝန်ယူဆောင်ရွက်ခဲ့ရသည့်ဌာနနှင့် နယ်ပယ် အသီးသီးအလိုက် အာဆီယံနှင့်ဆက်စပ်ပတ်သက် သမျှသော ခေါင်းစဉ်အသီးသီးတွင် အစည်းအဝေး များ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်ခဲ့ဖူးသူဖြစ်ပါသည်။ အာဆီယံအဖွဲ့၏ ဖြစ်ပေါ်မှု၊ ကမ္ဘာ့ပထဝီနိုင်ငံရေး (Geo Politics) နှင့် ပထဝီစီးပွားရေး (Geo Economy) ပြောင်းလဲမှု အလားအလာများအရ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်ရေးအတွက် မျက်ခြည်မပြတ် ရှာဖွေ လေ့လာကြိုးစားဆောင်ရွက်ရန် လိုအပ်မည်ဟု သုံးသပ်ပါသဖြင့် နောင်လာမည့် နှစ် ၂၀ အတွင်း လိုက်ပါဆောင်ရွက်ကြရမည့် ဒေသတွင်း လမ်းပြမြေပုံ အရ စာဖတ်ရှုသူများ ကြိုတင်လေ့လာစဉ်းစား စီမံ နိုင်ရန် အောက်ပါအတိုင်း သုံးသပ်ဖော်ပြအပ်ပါ သည်-
နိုင်ငံရေး
(က) အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ဆယ်စုနှစ်က အာဆီယံပဋိညာဉ် တွင် ဖော်ပြပါဝင်သည့်အတိုင်း အဖွဲ့ဝင် နိုင်ငံများ၏ ဘုံသဘောတူညီချက် (Consensus Orientation) အပေါ် အခြေခံဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများ ကို ဗဟိုပြု၍ Member Centric ဖြစ်ခဲ့ သော်လည်း ယခုအခါ နိုင်ငံတကာဥပဒေ များပါ အခြေခံမူများအပေါ် အခြေခံ သည့်၊ ဥပဒေစိုးမိုးမှုအပေါ် အခြေခံသော အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည် သွားမည့် Rule Based Institution အဖြစ် သို့ ပြောင်းလဲ ရပ်တည်သွားမည့် အလားအလာရှိကြောင်း တွေ့ရှိရ သည်၊
(ခ) ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အားပြိုင်မှုများအကြားတွင် အာဆီယံ ဦးဆောင်သော ယန္တရားများမှတစ်ဆင့် အာဆီယံ၏ အချက်အချာကျမှုနှင့် အရေးပါမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့အရေးကိစ္စများတွင် အာဆီယံ၏ ရပ်တည်ချက်ကို ထင်ဟပ် စေရေး၊ စည်းမျဉ်း အခြေပြု နိုင်ငံတကာဆက်ဆံရေးကို တိုးချဲ့ ဆောင်ရွက်မည့် Global ASEAN အဖြစ်သို့ ဦးတည်လာကြောင်း တွေ့ရှိရသည်၊
(ဂ) အာဆီယံ၏ မျှော်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အသိုက်အဝန်းတစ်ခု ဖြစ်စေရန်နှင့် အင်ဒို-ပစိဖိတ် ဒေသ အတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက် ဖြစ်ပေါ်စေရန် ရည်ရွယ်ထားကြောင်း တွေ့ရပါသည်၊ အမေရိကန်နိုင်ငံဘက်မှ အာဆီယံအား အင်ဒို- ပစိဖိတ် စီးပွားရေး မူဘောင် (Indo-Pacific Economic Framework -IPEF) အား အကောင် အထည်ဖော်ဆောင်ရွက်ရန် ကမ်းလှမ်း ထားသကဲ့သို့ ASEAN Outlook on the Indo-Pacific (AOIP) အား ထုတ်ပြန် အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ မဟာ ဗျူဟာရပ်တည်မှု၊ အားပြိုင်မှုနှင့် ရပ်တည်မှုအခင်းအကျင်း ပြောင်းလဲလာခဲ့ သဖြင့် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးအရ အားပြိုင်ရာ ဒေသမဖြစ်စေရေးနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှု (Regional Peace and Stability) အတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်ရေးသည် လွန်စွာအရေးပါ သောကြောင့် ချိတ်ဆက်လျက်ရှိပါသည်။ အင်ဒို-ပစိဖိတ်ဒေသ၏ ဗဟိုချက်မ (Hub) အဖြစ်ဆောင်ရွက်လိုသည့် သဘောထား ရပ်တည်ချက်ရှိကြောင်း တွေ့ရှိရ ပါသည်၊
(ဃ) ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးတွင် အာဆီယံ၏ ဗဟိုအချက်အချာကျမှု (ASEAN Centrality) ကို ခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်သွား ရန် ရှိသော် လည်း အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြား ဆက်ဆံမှုမရှိစေရေးကိုမူ ဂရုပြုရန် လိုအပ်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရ ပါသည်၊
(င) ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ် နိုင်ရေးအတွက် အာဆီယံရှိအဖွဲ့အစည်း များအား ခိုင်မာအားကောင်းလာစေ ရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင်ချမှတ် သွားရန်ရှိပါသည်၊
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments