
နေပြည်တော် မတ် ၁
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃)ကြိမ်မြောက် အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
(၁၃) ကြိမ်မြောက် အစည်း အဝေး မတိုင်မီ အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်း ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးကို အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်း ဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစား သံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
ဒုတိယဝန်ကြီးက အစည်း အဝေး လက်ခံကျင်းပခြင်းအတွက် ပူးတွဲဥက္ကဋ္ဌများကို ကျေးဇူးတင် ရှိကြောင်း၊ အာဆီယံအသိုက် အဝန်း မျှော်မှန်းချက် ၂၀၄၅ ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာ ဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေး တွင် တိုးတက်မှုများ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များကို ချီးကျူးပါကြောင်း ပြောကြားပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာ ဗျူဟာစီမံချက် ရေးဆွဲရာတွင် ဖွဲ့စည်းမှုပုံစံ၊ ဆောင်ရွက်မည့် နည်းလမ်းနှင့် အာဆီယံအဖွဲ့ အစည်း ပိုမိုခိုင်မာအားကောင်းရေး ဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ် များအား အကောင်အထည်ဖော် ရန် သင့်လျော်သည့် မဏ္ဍိုင် သတ်မှတ်ရေးတို့အပေါ် ဆွေးနွေး ခဲ့သည်။ ထို့နောက် မဏ္ဍိုင် (၃)ရပ်လုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-EI)နှင့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် (Comm-ittee for the ASEAN Socio-Cultural Community) တို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ယင်း လုပ်ငန်းစဉ်များကို သင့်လျော် သည့် ကဏ္ဍတွင် ထည့်သွင်းရေး အကြံပြုဆွေးနွေးခဲ့ပြီး အနာဂတ် တွင် ပိုမိုတိုးတက်ကောင်းမွန်သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူငယ်၊ အမျိုးသမီးအဖွဲ့အစည်း များ၊ စီးပွားရေးအဖွဲ့အစည်းနှင့် ပညာရှင်များနှင့် တွေ့ဆုံမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးမှ တင်ပြ သည့် အကြံပြုချက်များအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြ ပြီး အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အနေဖြင့် (၁၄) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာ ဗျူဟာစီမံချက်မူကြမ်း ပထမ အကြိမ်ရေးဆွဲမှုကို အွန်လိုင်းမှ တစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။
အစည်းအဝေးကာလအတွင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုတိယ ဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံ တွင် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံအကြား အပြန် အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍ များတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်