အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမနေ့အဖြစ် မြန်မာနှင့် ထိုင်း ယနေ့ ယှဉ်ပြိုင်မည်

 

ရန်ကုန်  ဩဂုတ်   ၁၆
ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် ၁၇ ရက် (ယနေ့)  စတင်ကျင်းပမည် ဖြစ်ပြီး   မြန်မာအသင်းသည်    ဖွင့်ပွဲအဖြစ် အိမ်ရှင်ထိုင်းအသင်းနှင့်  စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အုပ်စု   (က)   အတွက်   ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ၌ ကျင်းပရာ  မြန်မာ၊  ထိုင်း၊  ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်းတို့မှ     နည်းပြချုပ်များ တက်ရောက်သည်။ မြန်မာအသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “မြန်မာ  ယူ-၂၃ အသင်း အနေနဲ့    ဒီပြိုင်ပွဲကနေ    အခုလာမယ့် စက်တင်ဘာလ     အာရှခြေစစ်ပွဲတွေနဲ့   အာရှ အားကစားပြိုင်ပွဲအတွက်သာမက  နောက်နှစ် ဆီးဂိမ်းအတွက်ပါ     ကစားသမားသစ်တွေ မြင်တွေ့ရမှာဖြစ်ပြီး     သူတို့အတွက်လည်း နိုင်ငံတကာအတွေ့အကြုံတွေ     ရရှိမှာပါ။ ကျွန်တော်တို့အုပ်စုမှာ    ပြီးခဲ့တဲ့  ဆီးဂိမ်း (ကမ္ဘောဒီးယား)  ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ထိုင်းအသင်းနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာဖြစ်သလို တောင့်တင်းတဲ့    ကမ္ဘောဒီးယားနဲ့လည်း  ဆုံတွေ့ဖို့ရှိပါတယ်။ ဘရူနိုင်းအသင်းနဲ့ကတော့ ကျွန်တော့်အတွက် ပထမဆုံးတွေ့ဆုံရတာ ဖြစ်လို့  တကယ်ကို စိတ်ဝင်စားစရာ ပါပဲ”  ဟု ပြောကြားသည်။
အုပ်စုပထမနေ့တွင် အုပ်စု  (က)  ပွဲစဉ်များ စတင်ကျင်းပမည်ဖြစ်ပြီး      ယနေ့မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင်  ကမ္ဘောဒီးယား အသင်းနှင့် ဘရူနိုင်းအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်း သည်   အုပ်စုပထမပွဲတွင်   အိမ်ရှင်အသင်း လည်းဖြစ်၊    ဗိုလ်စွဲရန်   ရေပန်းစားနေသည့် ထိုင်းအသင်းနှင့်   တွေ့ဆုံနေသဖြင့်   ရလဒ် ကောင်းရယူနိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ယခုပြိုင်ပွဲတွင်   အသင်းစုစုပေါင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး   အုပ်စု (က) တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြန်မာ၊ အုပ်စု (ခ) တွင် တီမော၊ မလေးရှား၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ)တွင်  ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအို အသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ    အုပ်စုသုံးခုမှ   ထိပ်ဆုံးသုံးသင်းနှင့်      ဒုတိယနေရာရအသင်းများအနက် အကောင်း ဆုံးတစ်သင်းသာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ 
ရဲရင့်လွင်