
နေပြည်တော် အောက်တိုဘာ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံစီးပွား ရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်သည်။
ပါဝင်တက်ရောက်
အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီး များ၊ အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက် ရောက်ခဲ့ကြသည်။
အတည်ပြု
အစည်းအဝေး ပထမပိုင်းတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီးများနှင့် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ၏ မျက်နှာစုံညီ တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ပြီး အာဆီယံ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ၏ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များအကြား ပိုမို ပေါင်းစည်းဆောင်ရွက်ရေး ယန္တရားအပေါ် အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးများက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အာဆီယံ ဒစ်ဂျစ်တယ်ပြောင်းလဲမှု အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက် (Leaders’ Statement on Advancing Digital Transformation in ASEAN) ကို အတည်ပြုခဲ့သည်။
ထို့နောက် အကြိမ် (၂၀) မြောက် အာဆီယံစီးပွား ရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေစဉ်အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို မှတ်တမ်းတင်ခဲ့ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း ပုံစံ ၂၀၂၅ ကာလလယ်သုံးသပ်ချက် အစီရင်ခံစာ၏ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ နှင့် ၂၀၂၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေး လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်း အဝေးတွင် ဝန်ကြီးများက (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကြေညာချက်တွင်ပါဝင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီမှ ထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့်အစီရင်ခံစာ နှင့် ကြေညာချက်များကို အတည်ပြုခဲ့သည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့် ကျ သဘာပတိ တာဝန်ထမ်းဆောင်မည့် ၂၀၂၂ ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။
ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အာဆီယံဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုသည် ကဏ္ဍအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်ဖြစ်၍ အရင်းအမြစ်အသုံးပြုမှုဖြင့် အကျိုးကျေးဇူးများ မြင့်မားစွာရရှိစေရန်အတွက် ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ထပ်နေခြင်းမဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာဆီယံ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုသည် ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နှင့် အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းစဉ်များ တွင် များစွာအထောက်အကူပြုသည့်အတွက် အဖွဲ့ ဝင်နိုင်ငံအားလုံးပါဝင်ပြီး လိုအပ်သည့် နည်းပညာ များကို အာဆီယံ ကနဦးပေါင်းစည်းရေးအစီအစဉ် အောက်မှ ပံ့ပိုးပေးရန် ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ ပါဝင်တက်ရောက် သည်။
သတင်းစဉ်