အာဆီယံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များနှင့် ၂၀၂၅ ခုနှစ် အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး

နေပြည်တော်    အောက်တိုဘာ   ၁၈ 


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး သည်  ယနေ့နံနက် ၈ နာရီတွင်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပသည့် အကြိမ် (၂၀)မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ         အစည်းအဝေးသို့ နေပြည်တော်ရှိ  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်သည်။


တက်ရောက်


အစည်းအဝေးတွင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ  ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်  ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Dato Dr. Amin Liew  Abdullah က သဘာပတိအဖြစ်  ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီး များ၊  အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ  ဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့်   တာဝန်ရှိသူများ  ပါဝင် တက်ရောက်ခဲ့ကြသည်။  


အစည်းအဝေး ပထမပိုင်းတွင်  အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့်   အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ၏   မျက်နှာစုံညီ တွေ့ဆုံပွဲကို   ပြုလုပ်ခဲ့ပြီး   အာဆီယံဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ၏ ဆက်လက် ဆောင်ရွက်ရန်  ကိစ္စရပ်များအတွက်  သက်ဆိုင်ရာ ကဏ္ဍအလိုက်  လုပ်ငန်းအဖွဲ့များအကြား   ပိုမို  ပေါင်းစည်းဆောင်ရွက်ရေး ယန္တရားအပေါ် အမြင်ချင်း ဖလှယ်   ဆွေးနွေးခဲ့ကြသည်။   ဝန်ကြီးများက ၂၀၂၁ ခုနှစ် အောက်တိုဘာ  ၂၆  ရက်တွင်   ကျင်းပမည့်   (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့      တင်ပြမည့်    အာဆီယံ ဒစ်ဂျစ်တယ်ပြောင်းလဲမှု အဆင့်မြှင့်တင်ခြင်းဆိုင်ရာ        အာဆီယံခေါင်းဆောင်များ၏     ကြေညာချက် (Leaders’ Statement on Advancing Digital Transformation in ASEAN) ကို အတည်ပြုခဲ့သည်။ 


ထို့နောက်  အကြိမ် (၂၀) မြောက်  အာဆီယံ  စီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ   ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ  တာဝန်ထမ်းဆောင် နေစဉ်အတွင်း  ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏     ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို  မှတ်တမ်းတင်ခဲ့ပြီး   အာဆီယံ စီးပွားရေးအသိုက်အဝန်း  ပုံစံ  ၂၀၂၅  ကာလလယ် သုံးသပ်ချက်အစီရင်ခံစာ၏  ဆက်လက်ဆောင်ရွက် ရန် ကိစ္စရပ်များနှင့် ၂၀၂၅  ခုနှစ်အလွန်  အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေး လုပ်ငန်းစဉ် များအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဝန်ကြီးများက (၃၈) ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကြေညာချက်တွင်  ပါဝင်မည့်   အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီမှ ထိပ်သီး အစည်းအဝေးများသို့  တင်ပြမည့်အစီရင်ခံစာနှင့် ကြေညာချက်များကို အတည်ပြုခဲ့သည်။ ထို့နောက်  ကမ္ဘောဒီးယားနိုင်ငံက      အာဆီယံအလှည့်ကျ သဘာပတိ   တာဝန်ထမ်းဆောင်မည့်  ၂၀၂၂  ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ  လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ 


ဆွေးနွေးပြောကြား


အဆိုပါအစည်းအဝေးတွင်      ပြည်ထောင်စု ဝန်ကြီးက အာဆီယံဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှု သည် ကဏ္ဍအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ် ဖြစ်၍ အရင်းအမြစ်အသုံးပြုမှုဖြင့် အကျိုးကျေးဇူးများ မြင့်မားစွာရရှိစေရန်အတွက်     ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းများ  အကောင် အထည်ဖော်ရာတွင်     ထပ်နေခြင်းမဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  အာဆီယံဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုသည်   ဒေသတွင်း    ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းစဉ်များတွင် များစွာ  အထောက်အကူပြုသည့်အတွက်    အဖွဲ့ဝင်နိုင်ငံ အားလုံးပါဝင်ပြီး  လိုအပ်သည့်  နည်းပညာများကို အာဆီယံ ကနဦးပေါင်းစည်းရေးအစီအစဉ်အောက်မှ ပံ့ပိုးပေးရန် ဆွေးနွေးပြောကြားသည်။ 


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးနှင့် အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး  ဝန်ကြီးဌာနမှ   အရာရှိကြီးများ   ပါဝင်တက်ရောက် သည်။


သတင်းစဉ်