
လင်းလက်
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption _ ASEAN-PAC) သည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများက အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှုစာချွန်လွှာကို အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
ကနဦးတွင် “အရှေ့တောင်အာရှ အဂတိလိုက် စားမှု တိုက်ဖျက်ရေးအဖွဲ့ (Southeast Asia Parties Against Corruption _ SEA-PAC)” အဖွဲ့အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် လာအိုနိုင်ငံ၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံတို့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများက နားလည်မှုစာချွန်လွှာ၌ ပူးပေါင်းပါဝင်လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အာဆီယံ၏ တရားဝင် အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သဖြင့် လိုက်လျော ညီထွေဖြစ်စေရန်အတွက် ၂၀၁၉ ခုနှစ်တွင် အဖွဲ့၏ အမည်ကို “အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအဖွဲ့ (ASEAN Parties Against Corruption _ ASEAN -PAC)” အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
လေ့လာအတုယူစရာ
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေးစတင် ထူထောင်နိုင်ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ် ပြီး စီးပွားရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် လူနေမှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများသည် သိသိသာသာ ကွဲပြားခြားနားမှု မရှိပါ။ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများ ဖွဲ့စည်းခြင်းနှင့် ASEAN_PAC အဖွဲ့ အစည်းသို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့တွင် လည်း အချိန်ကာလ အနည်းငယ်သာ ကွာခြားသည် ကို လေ့လာတွေ့ရှိရပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အနာဂတ် ကာလတွင် ထိုကဲ့သို့သော အခြေခံအကြောင်းတရား များ တူညီနေသည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit _ ACU) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ၎င်းတို့နိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် လေ့လာသင့်သည်များ မှတ်သားလေ့လာနိုင်စေရန် ပြုစုတင်ပြရခြင်း ဖြစ်ပါသည်။
ACU ပေါ်ပေါက်လာခြင်း
ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှုနှင့် လာဘ်ပေး လာဘ်ယူမှုစသည့် ပြစ်မှုများနှင့်စပ်လျဉ်းသည့် ပုဒ်မ သုံးခု ပါဝင်သည့် Criminal Law Act ကို ပြဋ္ဌာန်းကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် Unit Against Corruption Practices ကို ဖွဲ့စည်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် Unit Against Corruption Practices ကို Anti-Corruption Unit_ACU အဖြစ် အမည်ပြောင်းလဲ ခဲ့ပါသည်။
ဥပဒေပြဋ္ဌာန်း
၂၀၁၆ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေသစ်တစ်ခု ပေါ်ထွက်လာစေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သဖြင့် Criminal Procedure (2007) နှင့် Criminal Code (2009) တို့ကို အခြေခံထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၀ ပြည့်နှစ် ဧပြီ ၁၇ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်း (Anti-Corruption Institution _ ACI) ကို ဖွဲ့စည်းခဲ့ပါ သည်။
ACI အောက်တွင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းများအတွက် မဟာဗျူဟာချမှတ်ခြင်း နှင့် လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကောင်စီ (National Council Against Corruption _ NCAC) နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရ သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit _ACU) ဟူ၍ အဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်း ထားရှိကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခြင်း
ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံအဆင့် ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ (၂၀၁၉-၂၀၂၃) တွင် လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အများပြည်သူ အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ် ၁၃ ခု၊ အညွှန်းကိန်း ၁၆ ခုတို့ကို သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။
ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(၂၀၁၀) အရ NCAC အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်သွားရန် တာဝန်ရှိသဖြင့် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ချမှတ်ခဲ့ပြီး (က) အသိပညာပေးရေး၊ (ခ) တားဆီးကာကွယ်ရေး၊ (ဂ) ဥပဒေ မူဘောင် ခိုင်မာအားကောင်းစေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ (ဃ) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ (င) မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ခိုင်မာ အားကောင်းစေရေး၊ (စ) အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် ဖြောင့်မတ် တည်ကြည်မှု တိုးမြှင့်စေရေးနှင့် (ဆ) ကောင်းမွန် သောအုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာစေရေးစသည့် မဟာဗျူဟာများကို ACU အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း
ACU အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ Grade 4 မှ Grade 12 အထိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရည်ညွှန်းစာအုပ် ၈၂၅၀၀၀ ကို ဖြန့်ဝေပေးခဲ့ခြင်း၊ e-learning စနစ်ဖြင့် သင်ကြား ပေးခြင်း၊ Website နှင့် Facebook Page တို့မှ တစ်ဆင့် အသိပညာပေးခြင်း၊ အခြား သတင်းမီဒီယာ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဆောင်ရွက် လျက်ရှိပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ အနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လမ်းညွှန်စာအုပ်များ ထုတ်ဝေခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်ခများကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ကျင့်ဝတ်များ ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းများအတွင်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေး ရည်ရွယ်ကာ ပြည်တွင်းနှင့်ပြည်ပ စီးပွားရေး ကုမ္ပဏီ ၂၂ ခုနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးထားသည်ကိုလည်း တွေ့ရှိရပါသည်။
ပိုင်ဆိုင်မှုကြေညာခြင်း
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အစိုးရဌာန ဆိုင်ရာ အရာထမ်းများနှင့် စစ်ဘက်ဆိုင်ရာ အရာထမ်း ၁၀၀၀၀၀ ကျော်ခန့်အား ပိုင်ဆိုင်မှု ကြေညာလွှာတင်သွင်းရေးမူဝါဒကို ACU က NCAC သို့ တင်ပြအတည်ပြုခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ အရ ပိုင်ဆိုင်မှု ကြေညာလွှာ တင်သွင်းရန် တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ရရန်ပိုင်ခွင့်နှင့် ပေးရန် တာဝန်ဆိုင်ရာ စာရင်းများကို ပုဒ်မ ၁၈ အရ နှစ်နှစ် လျှင် တစ်ကြိမ်၊ ဇန်နဝါရီလ အစောပိုင်း သို့မဟုတ် ဇန်နဝါရီလ ၃၁ ရက်နေ့ထက် နောက်မကျစေဘဲ ACU သို့ လူကိုယ်တိုင် သွားရောက်တင်သွင်းရပါသည်။
ပုဒ်မ ၁၉ အရ ပိုင်ဆိုင်မှုတင်သွင်းရမည့် စာရင်း တွင် ပါဝင်ခြင်းမရှိသော်လည်း ACU က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးချိန်တွင် အဂတိ လိုက်စားမှုရှိကြောင်း သံသယရှိသူများအနေဖြင့် လည်း ပုဒ်မ ၁၇ နှင့် ၁၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြေညာလွှာတင်သွင်းရန် တာဝန်ရှိပါသည်။ ကြေညာလွှာတင်သွင်းရန် တာဝန်ရှိသူများအနေဖြင့် ပျက်ကွက်ခြင်းနှင့် မမှန်မကန်တင်သွင်းခြင်းတို့ကို ပြုလုပ်ပါက ပုဒ်မ ၃၈ အရ “ ထောင်ဒဏ် တစ်လမှ တစ်နှစ်အထိ ချမှတ်နိုင်သည့်ပြင် ငွေဒဏ် ရီးယယ် (Riel) ၁၀၀၀၀၀ မှ ရီးယယ် ၂၀၀၀၀၀၀ ထိပါ ချမှတ် နိုင်ပြီး ACU သို့ ကြေညာလွှာ တင်သွင်းသွားရန်” အမိန့်ချမှတ်ခြင်းခံရနိုင်သည်။ ငြင်းပယ်ခြင်း ပြုလုပ်ပါက ပြစ်ဒဏ်နှစ်ဆ ချမှတ်ရန် ဖြစ်ပါသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ACU အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက် တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကာ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ် ရေး လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် ADB/OECD Anti-Corruption Initiative သို့ ၂၀၀၃ ခုနှစ်တွင်လည်းကောင်း၊ Inter-national Association of Anti-Corruption Au-thorities (IAACA) သို့ ၂၀၀၆ ခုနှစ်တွင် လည်းကောင်း၊ International Anti-Corruption Academy (IACA) သို့ ၂၀၁၃ ခုနှစ်တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသည်ကို တွေ့ရှိရပြီး ASEAN_PAC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ တို့နှင့်လည်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့ (Transparency International- TI) ရုံးခွဲကို ကမ္ဘော ဒီးယားနိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့သည်အထိ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေး အတော်အသင့် အောင်မြင်နေသည်ကို တွေ့မြင်နိုင်ပါသည်။
စစ်တမ်းများ ကောက်ယူခြင်း
၂၀၁၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၀ နှစ်အကြားရှိ လူငယ် ၁၂၀၀ ကို “အဂတိလိုက်စားမှုဖြစ်စဉ်များတွင် လူငယ်များ ၏ ပါဝင်ပတ်သက်မှုနှင့် ဖြောင့်မတ်တည်ကြည်မှု” နှင့်စပ်လျဉ်း၍ စစ်တမ်းတစ်ခုကောက်ယူခဲ့ပါသည်။
ဖြေဆိုသူ ၉၉ ရာခိုင်နှုန်းက အဂတိလိုက်စားမှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အဟန့် အတားတစ်ခုဖြစ်သည်ဟု ဖြေဆိုခဲ့ပါသည်။ ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၁၀၀ မှ စီအီးအိုများသို့လည်း “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ဖြစ်ပွားလေ့ရှိသည့် အဂတိလိုက်စားမှုများ” နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ ရာတွင် ၅၇ ရာခိုင်နှုန်းက အဂတိလိုက်စားမှုသည် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအဟန့်အတားဖြစ်သည်ဟု ဖြေဆိုခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်တင်ပြခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် စီရင်စု ၂၅ ခုရှိ လူဦးရေ ၁၅၉၆ ဦးသို့ “ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု” နှင့် စပ်လျဉ်းသည့် စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ရာ ဖြေဆိုသူ ၉၉ ဒသမ ၇ ရာခိုင်နှုန်းက ကမ္ဘောဒီးယားနိုင်ငံ၏ ဘဏ္ဍာ ငွေအသုံးစရိတ်နှင့်စပ်လျဉ်း၍ ရှင်းလင်းသေချာစွာ မသိကြောင်း တုံ့ပြန်ဖြေကြားခဲ့သဖြင့် ဘဏ္ဍာငွေ အရ/ အသုံးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပွင့်လင်း မြင်သာစွာ ချပြနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ အကြံပြုတင်ပြခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် လည်း အမျိုးသမီး ၅၆၉ ဦးသို့ “အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍ”နှင့် စပ်လျဉ်းသည့် စစ်တမ်းတစ်ခုကောက်ယူခဲ့ပြီး စီမံခန့်ခွဲမှု နယ်ပယ် အတွင်း အမျိုးသမီးများနှင့် လူငယ်များ တွေ့ကြုံ ခံစားနေရသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း နိုင်မည့် နည်းလမ်းများကို ထောက်ပြခဲ့ပါသည်။
နားလည်မှုစာချွန်လွှာ
ကမ္ဘောဒီးယားနိုင်ငံတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်နေပြီး ပိုင်ဆိုင်မှုကြေညာခြင်းလုပ်ငန်းကို နည်းပညာအခြေပြု အသုံးပြုနိုင်ခြင်းမရှိသေး သော်လည်း ၎င်းတို့နိုင်ငံနှင့် သင့်လျော်သည့်စနစ်ဖြင့် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် နိုင်ငံတကာ အသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် TI ရုံးခွဲကို ဖွင့်လှစ်ကာ စစ်တမ်းများ ကောက်ယူခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါသည်။ ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ကဲ့သို့သော ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအား နားလည်မှုစာချွန်လွှာ အဆိုပြုကမ်းလှမ်းလာခဲ့ရာ နိုင်ငံတော်အစိုးရကကြိုဆိုခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံ သင်ခန်းစာများ ဖလှယ်၍ အပြန်အလှန်ညှိနှိုင်းပူးပေါင်းဆောင်ရွက် ရေး စီစဉ်ကြိုးပမ်းလျက်ရှိပါသည်။ ။
ရည်ညွှန်းကိုးကား-
ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့၏ ဝက်ဘ်ဆိုက်
- Log in to post comments