
နေပြည်တော် မတ် ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ရှိ လူနေရပ်ကွက်များအတွင်းသို့ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ က ပုဏ္ဏားကျွန်းဘက်မှ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် များသည် စက်ရုံစု(၂) ကုန်းဘောင် ရပ်ကွက်အတွင်းရှိ လူနေအိမ် တစ်ခုအနီး ကျရောက်ပေါက်ကွဲ ခဲ့သည်။ ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး (အောက်ပုံ) တာဝန်ရှိသူများက စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်း သူများသည် စစ်တွေမြို့ပေါ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ထိခိုက်ပျက်စီးစေပြီး စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်ကာ တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့ပေါ် ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများကို Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်တွေတပ်နယ် အတွင်းရှိ ကျေးရွာများသို့လည်း ကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့ မြို့မဈေးအနီးရှိ ဒေသအခေါ် အဝေါ် ကိုရီးယားဆိပ်ကမ်းဈေး အတွင်းသို့လည်းကောင်း၊ မတ် ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့် တွင် စစ်တွေမြို့ ကသဲရပ်ကွက် အတွင်းသို့လည်းကောင်း၊ မတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ခန့်တွင် စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာရှိ အမှတ် (၇) အခြေခံ ပညာအထက်တန်းကျောင်းအနီး သို့လည်းကောင်း၊ မတ် ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်တွေ မြို့နယ် ရွှေပြည်သာကျေးရွာ အတွင်းရှိ စာသင်ကျောင်းကို လည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း စစ်တွေမြို့ စက်ရုံစု(၂) ကုန်းဘောင်ရပ်ကွက် အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်း အပါအဝင် လူနေရပ်ကွက် များအတွင်းသို့ စုစုပေါင်း ၁၃ ကြိမ် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
ထိုသို့ AA အကြမ်းဖက် သောင်းကျန်းသူများ၏ မြို့၊ ရွာ များအတွင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်း သား ကျောင်းသူနှစ်ဦးအပါ အဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံး ခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသ ကောင်းစားရေးဟု သုံးနှုန်းပြီး အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် နေသော AA အကြမ်းဖက် သောင်းကျန်းသူများသည် တည် ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူ များနှင့် ပညာရေးအဆောက်အဦ များကို ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ယင်းသို့ စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းနှင့် လူနေရပ်ကွက် များအား ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီ ဗာကွန်ဗန်းရှင်းများနှင့် အပြည် ပြည်ဆိုင်ရာဥပဒေတို့အရ စစ် ရာဇဝတ်မှု (War Crime)ကျူးလွန် ခြင်းပင်ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့် လုံးဝလက်ခံနိုင်မှု မရှိ ကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်