(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲစတုတ္ထနေ့ မြန်မာနိုင်ငံမှဆက်လက်ပါဝင်ပြသ

 

နေပြည်တော်   ဩဂုတ်     ၁၉


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်း မြို့ရှိ Dianchi International  Convention and Exhibition Center ၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ် မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း)   ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ စတုတ္ထနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်း တွင် မြန်မာနိုင်ငံပြခန်းဆောင်၌  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့   ညွှန်ကြားရေးမှူး   ဒေါက်တာ သက်လွင်ဦးက    မြန်မာနိုင်ငံ၏   သမိုင်းကြောင်း၊ လှပသောသဘာဝရှုခင်းများနှင့်  မြန်မာ့ထွက်ကုန် ပစ္စည်းများအကြောင်းကို     မိတ်ဆက်ပြောကြား ပြီး ယဉ်ကျေးမှုအကပဒေသာများဖြင့်    ဖျော်ဖြေခဲ့ရာ  ကြည့်ရှုသူပရိသတ်များ၊ ပြခန်းဆောင် အတွင်း ပြသထားသည့်  မြန်မာ့ခရီးသွားနေရာများ ကို  စိတ်ဝင်စားစွာ   လေ့လာကြည့်ရှုကြသူများဖြင့်   စည်ကားလျက်ရှိသည်။ 


ထို့အတူ မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိ သည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက် ကြ၍  ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  တာဝန်ရှိသူ များက တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး မြန်မာနှင့်တရုတ်  လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများ   တင်ပို့ တင်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြသည်။


 ထို့ပြင်  ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင်များသည်   ကူမင်းမြို့ရှိ   China South  Asia  Southeast Asia Cross Border e-commerce Industry Center  သို့  သွားရောက် လေ့လာခဲ့ကြသည်။ အဆိုပါ Center သည် တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များ ကို Live Sale ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်ပစ္စည်း နမူနာများကို   ပါဝင်ပြသကြသည်။  Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခု ကိုလည်း ဖွင့်လှစ်ထားသည်ကို  လေ့လာခဲ့ကြကြောင်း သိရသည်။                     

သတင်းစဉ်