7Book Zay Online Bookstore မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၁

စာအုပ်ထုတ်ဝေသူများ၊ စာအုပ် စာစောင်ဖြန့်ချိသူများနှင့် စာဖတ် ပရိသတ်များ၊ စာရေးဆရာများကြား တွင် ပေါင်းကူးတံတားအသွင် ထွက်ပေါ်လာမည့် 7Book Zay Online Bookstore ၏ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရုပ်သံဖိုင်ကို ပြသ

ရှေးဦးစွာ စာရေးဆရာကြီးများ ဖြစ်ကြသည့် ဆရာချစ်ဦးညို၊ ဆရာ မောင်သာချို၊ ဆရာမ သန်းမြင့်အောင်၊ ဆရာမ ပုညခင်နှင့် ဆရာမ စပယ်ဖြူနု တို့၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။

အပျော်ဖတ်စာပေများ ထွန်းကား

ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကားပြောကြား ရာတွင် မိမိတို့သည် စာအုပ်ရှားပါး သည့် ခေတ်ကာလတစ်ခုကို ဖြတ်သန်း ခဲ့ကြရပါကြောင်း၊ စာဖတ်သူတို့၏ ဝင်ငွေနှင့် စာအုပ်ဈေးနှုန်းကွာဟသည့် အတွက် ဝယ်ယူဖတ်ရှုနိုင်သူ နည်းပါး လာပြီး အငှားဆိုင်များကို အားကိုး ပြုခဲ့ရကြောင်း၊ အငှားဆိုင်များသည် စာဖတ်လိုသူတို့၏ အာသီသကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင် သကဲ့သို့ အငှားဆိုင်ငယ်များ ဖွင့်လှစ် သူတို့အတွက်လည်း စားဝတ်နေရေး အထောက်အကူပြုခဲ့ကြောင်း၊ သို့သော် အငှားဆိုင်ခေတ် စာအုပ်စီးပွားရေး သဘောအရ အပျော်ဖတ်စာပေများ ထွန်းကားရှင်သန်ပြီး လေးနက်သော စာကောင်းပေမွန်များ ပေါ်ထွက်ရန် ခက်ခဲခဲ့ကြောင်း၊ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်သူတို့၌ ဝင်ငွေသင့်တင့် ကောင်းမွန်ပြီး စာအုပ် ဝယ်ယူဖတ်ရှုအား တိုးတက်ဖို့လိုသလို စာအုပ်စာတမ်း ပြည့်စုံသော စာအုပ် ဆိုင်ကြီးများလည်း ရှိနေရန် လိုကြောင်း။

အလွယ်တကူ ရှာဖွေ၍ရနိုင်

ယနေ့ခေတ်တွင် စာအုပ်စာပေ များ ပေါများလာပြီး ယခင်ကထက် ဝယ်ယူဖတ်ရှုနိုင်သည့် အခြေအနေမျိုး လည်း ရှိလာနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာစာပေများကို ဝယ်ယူ ရာ၌လည်း များစွာအခက်အခဲမရှိတော့ ကြောင်း၊ အင်တာနက်တွင် စာအုပ် စာတမ်းများကို အလွယ်တကူရှာဖွေ၍ ရနိုင်ကြောင်း၊ သို့သော် အင်တာနက် ပေါ်က စာအုပ်စာတမ်းများကို ဝယ်ယူ ရာ၌ များစွာအဆင်မပြေသေးကြောင်း၊ ထို့ပြင် စာအုပ်ဝယ်သူအနေဖြင့် မဝယ်မီ စာအုပ်ကို ကိုယ်တိုင်ကိုင်တွယ် လှန်လှောမြည်းစမ်းကြည့်ပြီးမှ ဝယ်ယူ လိုတတ်ကြကြောင်း။

ထို့ကြောင့် 7Book Zay Online Bookstore ဖွင့်လှစ်သည့်အခါ အွန်လိုင်းတစ်မျိုးတည်း မဟုတ်ဘဲ physical book များပါ ခင်းကျင်း ရောင်းချသည့် စာအုပ်ဆိုင်ကြီးမျိုးနှင့် တွဲဖက်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများမှာကဲ့သို့ ပြည့်စုံ သော နိုင်ငံတကာစာအုပ်အရောင်းဆိုင် ကြီးမျိုး ရှိစေလိုကြောင်း။

အိမ်တိုင်ရာရောက် ပေးပို့နိုင်

7Book Zay Online Bookstore ဆောင်ရွက်ခြင်းသည် စီးပွားရေး လုပ်ငန်းတစ်ခုသာမက စာပေလောက အတွက်၊ ပြည်သူများအတွက် ပိုမို ပြည့်စုံအောင် ဖန်တီးဆောင်ရွက်သည့် အလုပ်တစ်ခုဟု ထင်မြင်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် စာပေဖွံ့ဖြိုးတိုးတက် ရေးအတွက် စာရေးသူက အရင်းခံ အဖြစ် စတင်ရမည် ဖြစ်ပါကြောင်း၊ စာရေးသူများ ပိုမိုပြောင်မြောက်သည့် စာကောင်းပေမွန်များ ဖန်တီးနိုင်ရန် အခွင့်အလမ်းများ ရှိရမည်ဖြစ်ပြီး ထိုစာပေများကို ထုတ်ဝေပေးမည့် ထုတ်ဝေသူများလည်း ရှိရမည်ဖြစ်ပါ ကြောင်း၊ ထုတ်ဝေသူများက ထုတ်ဝေ ပြီး စာပေများကို ဖြန့်ချိရန် ခက်ခဲမှုများ ကိုလည်း တွေ့ကြုံခဲ့ရပါကြောင်း၊ ထို့ကြောင့် ဖြန့်ချိရောင်းချသူများ သည်လည်း အရေးကြီးပါကြောင်း၊ ဆိုလိုချင်သည်မှာ စာပေလောက အတွက် စာရေးသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများသည် အရေးကြီးပါ ကြောင်း၊ ယခု အွန်လိုင်းစနစ်ဖြင့် စာအုပ်များ ရောင်းချရာတွင် အပြောင်း အလဲရှိပြီး ပေးပို့ပေးရသည့်စနစ် ပြောင်းလဲလာကာ အိမ်တိုင်ရာရောက် ပေးပို့နိုင်ပြီ ဖြစ်ပါကြောင်း။

ထို့အတူ စာပေဝေဖန်ရေးသမား များသည် စာပေတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ စာအုပ်စာပေနှင့် ပတ်သက်၍ မည်သည့်စာအုပ်က ကောင်းသည်၊ မည်သို့ဖြစ်သည်ကို ညွှန်းဆိုသည့်၊ နှိုင်းယှဉ်သုံးသပ်ပြသည့် စာပေဝေဖန် ရေးသည်လည်း လိုအပ်ပါကြောင်း၊ အွန်လိုင်းစာအုပ် ရောင်းချရာတွင် လည်း ကျွမ်းကျင်သူတို့၏ ဝေဖန် သုံးသပ်ချက်များ၊ အညွှန်းများနှင့် ရောင်းချမှုများလည်း ရှိပါကြောင်း၊ စာပေဝေဖန်သုံးသပ်ချက်များ စုစည်း ဖော်ပြပေးခြင်းသည် စာအုပ်ရောင်းချ မှုအတွက် အထောက်အကူပြုသည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း။

အစပျိုးနေသည့် အဆင့်သာရှိ

အလားတူ စာပေချစ်သူများ အတွက် Book Club များ ဆောင်ရွက် နေသည်များရှိပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက Book Club များ ဆောင်ရွက်နေ သည်လည်း ရှိပါကြောင်း၊ သို့သော် အစပျိုးနေသည့် အဆင့်သာရှိပါသေး ကြောင်း၊ ထို့အတွက် စာပေပညာရှင် များနှင့် စာအုပ်လုပ်ငန်းများက ဦးဆောင်လုပ်ကိုင်ပါက ထွန်းကား လာနိုင်မည်ဟု ထင်မြင်ပါကြောင်း၊ နိုင်ငံတကာတွင် Book Club များမှ စာအုပ်များ ပိုမိုရောင်းရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ Book Club နှင့် ပတ်သက်သည့် စာပေ ယဉ်ကျေးမှုထွန်းကားလာရန် လိုအပ် ပါကြောင်း။

မိမိတို့နိုင်ငံတွင် ထွန်းကားနေ သည့် စာပေဟောပြောပွဲအလေ့အထ သည် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကျုံ့သွားသော်လည်း အွန်လိုင်းမှ တစ်ဆင့် မည်သို့ဆောင်ရွက်နိုင်မည်၊ ထို့အတူ စာအုပ်စာပေနှီးနှောဖလှယ် ပွဲများ၊ စာတမ်းဖတ်ပွဲများကိုလည်း မည်သို့ ဆောင်ရွက်နိုင်မည်ကို စဉ်းစား စီစဉ်ဆောင်ရွက် စေလိုပါကြောင်း၊ စာအုပ်ပြသရောင်းချသည့် စာအုပ် ပွဲတော်များကို ကျင်းပနိုင်ရန် ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ အကြောင်းအရာများသည် စာပေ လောကအတွက် လိုအပ်သည့် အကြောင်းအချက်များဟု မိမိအနေ ဖြင့် ထင်မြင်ပြီး ထိုအရာများအတွက် စာပေလုပ်ငန်း လုပ်ကိုင်သူများ စုစည်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

မီဒီယာနှင့် နည်းပညာပေါင်းစပ်

ယင်းနောက် မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နည်းပညာ အသုံးပြုမှုနှင့်အတူ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ ပါကြောင်း၊ စာအုပ်စာပေရောင်းချ ရာတွင် အွန်လိုင်းမှ ရောင်းချလာကြပြီး နိုင်ငံအတွင်းမှ စာအုပ်တိုက်များမှ ထွက်ရှိလာသည့် စာအုပ်များကို ယုံကြည်စိတ်ချစွာ ရောင်းချနိုင် သည့် e-commerce platform များ ပေါ်ပေါက်လာစေလိုပါကြောင်း၊ ထို့အတွက် နည်းပညာကျွမ်းကျင်သူ များနှင့် မိမိတို့အသင်း တိုင်ပင် ဆွေးနွေးကြပါကြောင်း၊ စာပေဖန်တီးမှု များကို စာဖတ်ပရိသတ်အကြား ပိုမို မြန်ဆန်နိုင်သည့် ဆက်သွယ်မှုကို ဖန်တီးကြရန် ဆွေးနွေးကြပါကြောင်း၊ သို့သော် နည်းပညာကုမ္ပဏီတိုင်းသည် စာပေနှင့်ပတ်သက်၍ ဖြစ်ချင်သည့် ဆန္ဒတိုင်းကို လုပ်ဆောင်ပေးနိုင်ရန် အခက်အခဲရှိပါကြောင်း၊ ယခု 7 day သည် မီဒီယာလုပ်ငန်းကိုလည်း ကျွမ်းကျင်သလို နည်းပညာကိုလည်း ကျွမ်းကျင်သူများ ဖြစ်သည့်အတွက် မီဒီယာနှင့် နည်းပညာပေါင်းစပ်ကာ မိမိတို့အသင်းမှ အကြုံပြုချက်များကို ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ထုတ်ဝေသူများကိုယ်စား၊ ဖြန့်ချိသူများကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

ပါဝင်လုပ်ကိုင်ခွင့်ပြု

ဆက်လက်၍ Information Matrix Co., Ltd အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းက ကိုဗစ်ကပ်ရောဂါ သည် အပြောင်းအလဲတစ်ခုကို တွန်းပို့ လိုက်ပြီး မိမိတို့ကုမ္ပဏီအနေဖြင့် ကိုဗစ်ကာလတွင် လုပ်ငန်းသစ်အဖြစ် စတင်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ သည် မီဒီယာလုပ်ငန်းကို လုပ်ကိုင် နေသူများဖြစ်ပြီး စာပေလောကနှင့် အလှမ်းမဝေးသည့်အတွက် မြန်မာ နိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူ များအသင်း၊ စာပေနှင့် နည်းပညာ ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စာပေ ချစ်မြတ်နိုးသူများအတွက် စာအုပ်များကို အွန်လိုင်းမှ ရောင်းချ သွားမည်ဖြစ်သလို e-book နှင့် audio book များကိုလည်း ရောင်းချသွားမည် ဖြစ်ပါကြောင်း၊ နည်းပညာနှင့် မီဒီယာ ကုမ္ပဏီဖြစ်သော်လည်း စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ် တစ်အား ပါဝင်လုပ်ကိုင်ခွင့်ပြုသည့် အတွက် အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဥက္ကဋ္ဌ ဒေါ်နန်း ကလျာဝင်းနှင့် အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းတို့က 7Book Zay Online Bookstore အား Virtual Ribbon Cutting ဖြင့် ဖွင့်လှစ်ကာ 7Book Zay နှင့် Book Fair အကြောင်း ရုပ်သံဖြင့် ရှင်းလင်းတင်ဆက်သည်။

ယင်းနောက် “New Normal Life နှင့် စာအုပ်ထုတ်ဝေရေးလောက အပြောင်းအလဲများ” ခေါင်းစဉ်ဖြင့် စကားဝိုင်း(၁) ကျင်းပရာ ကိုအောင် စည်သာ (စိတ်ကူးချိုချိုစာအုပ်တိုက်) က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ၊ ဆရာမ များဖြစ်ကြသည့် မိုးရှင်း(I.M.T)၊ ဒေါက်တာစိမ့်စမ်းဖြူ၊ ခင်နှင်း ကြည်သာနှင့် သျှားသုတို့က ပါဝင် ဆွေးနွေးကြသည်။

ထို့နောက် ဦးမြင့်ထွန်း (ဆုပြည့်စုံထွန်းစာအုပ်တိုက်)၊ ဆရာ ကောင်းသန့် (ကောင်းသန့်စာအုပ် တိုက်)၊ ဦးသိန်းလွင် (လင်းလွန်းခင် စာအုပ်တိုက်)၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီစာအုပ်တိုက်)၊ ဦးနေမျိုးညွန့် (စာပေလောကစာအုပ်တိုက်)တို့ ပြော ကြားသည့် စာအုပ်တိုက်များ၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။

ပါဝင်ဆွေးနွေး

ယင်းနောက် “စာဖတ်ခြင်းနှင့် အွန်လိုင်းစာအုပ်စင်” ခေါင်းစဉ်ဖြင့် စကားဝိုင်း (၂) ကို ကျင်းပရာ စာရေး ဆရာ ဒေါက်တာဖြိုးသီဟက ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ၊ ဆရာမများဖြစ်ကြသည့် လင်္ကာရည်ကျော် (ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ရဲမြင့်ကျော်)၊ မထက်ရည်(Brand You)၊ ဦးမောင်မောင်စိုး (Save the Library စာကြည့်တိုက်များကွန်ရက်တည်ထောင်သူ)၊ ကိုကျော်ထက်အောင် (ရုပ်ရှင်သရုပ်ဆောင်၊ အစီအစဉ် တင်ဆက်သူ၊ နည်းပြ)တို့က ပါဝင် ဆွေးနွေးကြသည်။

သတင်းစဉ်