
နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရ ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင် သည့် စက်ယန္တရားနှင့် နည်းပညာ များကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှု လေ့လာလျက် ရှိကြသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခင်းကျင်းပြသရောင်းချ နေကြသည့် တိုင်းရင်းသားများ၊ လာရောက်လေ့လာကြသည့် ပြည်သူများ နှင့် တွေ့ဆုံ၍ ပွဲတော်အတွင်း ပါဝင် ဆင်နွှဲရသည့် ရင်တွင်းပီတိစကားသံ များကို တွေ့ဆုံမေးမြန်း ရေးသားလိုက်ရ ပါသည်။
ဦးစန်းကို(တိုင်းရင်းသားရေးရာဝန်ကြီး၊
ကရင်ပြည်နယ်အစိုးရအဖွဲ့)
ကျွန်တော်တို့ပြခန်းမှာ အသေးစား၊ အငယ်စား၊ အလတ်စား ကရင်ပြည်နယ် ထွက် ထုတ်ကုန်တွေနဲ့ တခြားဒေသ ထွက်ကုန်တွေကို ပြသနေခြင်းဖြစ်ပါ တယ်။ ကရင်ရိုးရာ လက်မှုအထည်၊ ဝါး လက်မှုအထည်၊ သဘာဝဓာတ်မြေဩဇာ၊ တွင်းထွက်ပစ္စည်းများနဲ့ လက်တွန်းထွန် စက်တွေပါဝင်ပါတယ်။ MSME လုပ်ငန်း တွေအနေနဲ့လည်း ဒေသထွက် တစ်ပိုင် တစ်နိုင်လုပ်ငန်းလေးတွေ ပါဝင်ပါတယ်။ အခုလိုပြသခြင်းအားဖြင့် ဒေသထွက် ကုန် တစ်ခုနဲ့တစ်ခုဖလှယ်ပြီး ရောင်းအား တွေလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကို တွေ ဆုံစည်းတဲ့ပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြခန်းကို လာရောက် လေ့လာကြတဲ့ ပြည်သူတွေသိရှိလိုတာ ကိုလည်း သေချာလေးရှင်းပြပေးပါ တယ်။ ပြည်သူတွေ အနေနဲ့လည်း ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုပစ္စည်း တွေကို လေ့လာကြသလို ရိုးရာအစား အစာတွေဖြစ်တဲ့ ကရင်ခေါင်ရည်၊ ကရင် မုန့်ဟင်းခါးနဲ့ ဒေသထွက်အစားအစာ တွေကို အမြတ်တနိုးနဲ့ လာရောက် စားသုံးကြတာကိုလည်း တွေ့မြင်ရ ပါတယ်။ ပြည်သူတွေအားလုံးလည်း လာရောက်လေ့လာကြဖို့ ဖိတ်ခေါ် ပါတယ်။
ဦးနိုင်ထွန်းလှိုင်(ကချင်ပြည်နယ်
ပြခန်းတည်ဆောက်ရေးတာဝန်ခံ)
ကျွန်တော်တို့ ပြခန်းမှာ ဒေသ ထွက်ကုန်တွေဖြစ်တဲ့ ပြောင်း၊ ပဲ၊ တစ်သျှူး ငှက်ပျော၊ ကျောက်စိမ်း၊ ပယင်း၊ ရိုးရာ အထည်နဲ့ တိုင်းရင်းဆေးတွေ ခင်းကျင်း ပြသထားပါတယ်။ ကျွန်တော်တို့ ဒေသ မှာလည်း MSME ကဏ္ဍဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဆောင်ရွက်နေပါတယ်။ အခုလို ပြပွဲပြုလုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ဒေသရဲ့ MSME ကဏ္ဍ ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိအောင် ပြသခွင့်ရပါတယ်။ ပြည်သူ တွေအနေနဲ့လည်း ဘယ်သီးနှံ၊ ဘယ် အပင်တွေက နိုင်ငံ့ဝင်ငွေရရှိစေသလဲ ဆိုတာ သိရှိခွင့်ရသွားပါတယ်။ နောက်ပြီး ကျွန်တော်တို့ပြခန်းကို လာရောက် လေ့လာကြသူတွေ အနေနဲ့လည်း ကချင်ပြည်နယ် ဒေသထွက်ကုန်တွေနဲ့ ပတ်သက်ပြီး တော်တော်လေး ဗဟုသုတ ရရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စိတ်ဝင် တစားနဲ့ လာရောက်လေ့လာကြတဲ့ အတွက် ဝမ်းသာပါတယ်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီပွဲတော်မှာ ကချင်ပြည်နယ် ရဲ့ ဒေသထွက်ကုန်တွေကို စုံလင်စွာ ခင်းကျင်းပြသထားပါတယ်။ လာရောက် ကြည့်ရှုလေ့လာကြပါလို့ ဖိတ်ခေါ်လို ပါတယ်။
ဦးမြင့်ဝင်း(တာဝန်ခံ၊ Super Seven
Stars Industrial Development
ကုမ္ပဏီလီမိတက်ပြခန်း)
ကျွန်တော်တို့ပြခန်းမှာ နိုင်ငံပေါင်း ကိုးနိုင်ငံ၊ ကုမ္ပဏီပေါင်း ၄၂ ခုနဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၂၁၆ မျိုး ခင်းကျင်းပြသ ထားပါတယ်။ ဒီပြခန်းမှာ မြန်မာနိုင်ငံ အတွင်း နေရာဒေသအသီးသီးမှာရှိတဲ့ ဒေသန္တရထွက်ကုန်တွေကို အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ် တဲ့စက်ယန္တရား၊ နည်းပညာများကို အဓိကပြသထားပါတယ်။ ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသန္တရ ထွက်ကုန်တွေကို အခြေခံပြီး တန်ဖိုးမြင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်တဲ့အခါ မှာ နိုင်ငံတကာကို တင်သွင်းနိုင်တဲ့ အဆင့်အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုကဏ္ဍ အမြန်ဆုံး တိုးတက်မြင့်မားစေချင်တဲ့ အတွက် ဒီပြခန်းကို ပြသရခြင်းဖြစ်ပါ တယ်။ နောက်ပြီး ပြည်ပကနေ မှာယူ တင်သွင်းရတဲ့ Import တွေကို လျှော့ချ မယ်။ ပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံတကာကို တင်ပို့နိုင်တဲ့ အဆင့်အထိ ဆောင်ရွက်ပြီး နိုင်ငံခြားငွေကို ရှာနိုင် မယ်ဆိုရင် စားသုံးသူတွေအတွက် ပိုမို အဆင်ပြေလာမယ်လို့ မျှော်လင့်ပါ တယ်။ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ ရည်ရွယ်နေတဲ့သူတွေအားလုံး အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ ကျွန်တော် တို့ပြခန်းကို လာရောက်လေ့လာစေချင် ပါတယ်။ ကျွန်တော်တို့ သိရှိထားတဲ့ နည်းပညာတွေကို မျှဝေပေးသွားပါမယ်။ ပွဲတော်ကို လာရောက်ကြတဲ့ ပြည်သူတွေ လည်း စိတ်ဝင်တစားနဲ့ လာရောက် ကြည့်ရှုကြပါတယ်။ အားလုံးလာရောက် လေ့လာစေချင်ပါတယ်။
ဒေါ်လဲ့လဲ့ဝင်း
(ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲသူ)
ကျွန်မက ဧရာဝတီတိုင်းသူဖြစ်တဲ့ အတွက် ဧရာဝတီတိုင်းဒေသကြီးပြခန်း ကို ပထမဆုံး သွားရောက်လေ့လာ ဖြစ်ပါတယ်။ အခုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြခန်းတွေကို လေ့လာပြီးပါပြီ။ ဒီလိုပွဲကြီး ကျင်းပပေးတဲ့အတွက် အားရကျေနပ်မိပါတယ်။ ဒီလိုပြပွဲကြီး မှာ ကိုယ့်ဒေသကထွက်တဲ့ ပစ္စည်းတွေ တင်မဟုတ်ဘဲ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေက ထွက်ရှိတဲ့ အစားအစာ တွေ၊ လူသုံးကုန်ပစ္စည်းတွေကို လေ့လာ ဝယ်ယူခွင့်ရရှိပါတယ်။ ဒေသန္တရ ဗဟုသုတ တွေလည်း ရရှိသလို ကိုယ်မမြင်ဖူးတဲ့ ဒေသထွက်ကုန်တွေကို မြင်ဖူးသွားပါ တယ်။ ကိုယ်နေတဲ့ဒေသမှာ မရနိုင်တဲ့ အစားအသောက်ကို ဝယ်ယူခွင့်ရရှိတဲ့ အတွက် လူတိုင်းအကျိုးရှိစေတဲ့ ပြပွဲကြီး တစ်ပွဲလို့ မြင်မိပါတယ်။ ဒါကြောင့် ရပ်နီး ရပ်ဝေးက မိတ်ဆွေတွေကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာ ထွက်ရှိတဲ့ ဒေသ ထွက်ကုန်တွေကို တစ်နေရာတည်းမှာ လေ့လာချင်တယ်၊ ဝယ်ယူချင်တယ် ဆိုရင်တော့ ဒီ MSME အရောင်းပြခန်းကို အရောက်လှမ်းလာခဲ့ကြပါလို့ ဖိတ်ခေါ် ချင်ပါတယ်။
မခင်နှင်းမှုန်
(ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲသူ)
ကျွန်မက MSME အရောင်းပြခန်း တွေကို စိတ်ဝင်စားလို့ ပျဉ်းမနားမြို့နယ် က လာရောက်လေ့လာတာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်းအချို့ လေ့လာပြီးပါပြီ။ ပြခန်းတိုင်းက ကိုယ့် ဒေသထွက်ကုန် အမျိုးမျိုးနဲ့ဆိုတော့ မမြင်ဖူးတဲ့ ထွက်ကုန်တွေ၊ စက်ယန္တရား တွေ၊ ရိုးရာအဝတ်အထည်တွေနဲ့ စိတ်ဝင်စားဖွယ်ရာတွေ အပြည့်ဖြစ်နေပါ တယ်။ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်တွေနဲ့ လျှပ်စစ်မော်တော်ကားတွေပါ လေ့လာ ခွင့်ရခဲ့ပါတယ်။ ဒီလိုပြပွဲကြီးကို လေ့လာ ခွင့်ရတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေရဲ့ ဒေသထွက်ကုန် တွေကို တစ်နေရာတည်းမှာ တစ်စု တစ်စည်းတည်း ဝယ်ယူလေ့လာခွင့်ရတဲ့ အပြင် ဒေသထွက် ရိုးရာအစားအစာတွေ ကိုပါ စားသုံးရတဲ့အတွက် အဲဒီတိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေကို ရောက်ရှိသွား သလို ခံစားရပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက် အထိ ကျင်းပသွားမှာဖြစ်တဲ့အတွက် လာရောက်လေ့လာ ဝယ်ယူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ကိုကြီးထိန်