
နေပြည်တော် မတ် ၂၅
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ရေပေးရေးစီမံကိန်း Water Treatment Plant နေရာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ယခု မြို့ရေပေးရေးစီမံကိန်းမှ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်သုံးခုရှိ လူဦးရေ ၃၄၅၀၀၊ အိမ်ထောင်စု ၇၀၀၀ ခန့်ကို သန့်ရှင်းသည့် သောက်သုံးရေကို ဖြန့်ဝေပေးနိုင်မည်ဖြစ်၍ မိတ္ထီလာမြို့ ရေပေးရေး လွှမ်းခြုံမှုကို မူလ ၄၅ ရာခိုင်နှုန်းခန့်ရှိရာမှ ၇၀ ရာခိုင် နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားပါ ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းဖြစ် သည့်အတွက် ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုး ရှိစွာ အသုံးချနိုင်ရန်၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ် များကို ပုံမှန်ဆောင်ရွက်စေရေးတာဝန်ရှိသူ အဆင့် ဆင့်က အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားရန်နှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုများကို လည်း မပျက်မကွက် ဆောင်ရွက်ပေးသွားရန် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်းဖြစ်ပေါ် လာပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကာ မိတ္ထီလာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်း ဖွင့်ပွဲမုခ်ဦးကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ မန္တလေး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး၊ မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ JV of Modern World and Sanli ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့ရေပေးရေးစီမံကိန်း ကမ္ပည်း မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ရေသန့်စင်စက်ရုံအတွင်း ရေသန့်စင် မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မိတ္ထီလာမြို့နယ် ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာ၌ အိမ်ခြေ ၁၁၀၊ လူဦးရေ ၄၉၅ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာ ရရှိရေး အကျယ် လေးလက်မ၊ အနက်ပေ ၇၀၀ ရှိ တွင်းနက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် စီမံကိန်းမှရရှိသည့် အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက် ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် ထီးလှိုင်ကျေးရွာရှိ လူဦးရေ ၁၃၃၉ ဦးတို့၏ စိုက်ပျိုးမြေဧက ၄၉၀ ကျော် အကျိုး ပြုမည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတွင် စနစ်ကျ အဆင့်မြင့်လယ်ယာ ဖော်ဆောင်ရေးလုပ်ငန်း ဆောင် ရွက်နေမှု၊ ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက် ပြီးစီးမှုနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှုသင်တန်းဆင်းများ၏ စားသောက် ကုန်ထုတ်လုပ်ရောင်းချနေမှုကိုလည်းကောင်း ကွင်း ဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။
သတင်းစဉ်