
နေပြည်တော် မတ် ၃၀
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် နေပြည်တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံအား ဖွင့်လှစ်ထားရှိရာ ယနေ့တွင် လည်း လာရောက်အပန်းဖြေသူများဖြင့် အထူး စည်ကားလျက်ရှိသည်။
ထို့အပြင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများအားဂုဏ်ပြုရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ စိတ်တွင် နိုင်ငံကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန် ကိန်းအောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် တည် ဆောက်ထားသည့် သူရဲကောင်းဗိမာန် (နေပြည်တော်) တွင်လည်း ကျဆုံးလေပြီးသော တပ်မတော်သား သူရဲကောင်းစစ်သည်များကို လာရောက်အလေးပြု ကြသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ ခြောက်ဦး ၏ ရုပ်တုများကို လာရောက်လေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ရှိ တပ်မတော်ပန်းခြံအတွင်း ရောင်စုံရေပန်းများ၊ မီးအလှများ စုံလင်စွာတပ်ဆင် ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တို့ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါး ရုပ်တုကြီးများ ခံ့ညားထည်ဝါစွာရှိသည့်အပြင် အနီးပတ်ဝန်းကျင် တွင်လည်း ဇေယျာသီရိကုန်တိုက်၊ ကလေးကစား ကွင်း၊ ရေကူးကန်၊ စားသောက်ဆိုင်များလည်းရှိကာ လာရောက်အပန်းဖြေကြသည့် မိဘပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ တပ်မတော်ပန်းခြံကို မတ် ၂၈ ရက်မှ စတင်၍ ဧပြီ ၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကာ တပ်မတော်ပန်းခြံနှင့် သူရဲကောင်းဗိမာန် (နေပြည် တော်)တို့ကို မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တော်လှန်ရေးပန်းခြံတွင်လည်း မုခ်ဦးများ၊ ပန်းအလှ ပင်များ၊ (ကြည်း၊ ရေ၊ လေ)တံဆိပ်၊ သမိုင်းဝင်စစ်ထွက် သပြေပင်နှင့် မြင်းချည်တိုင်သပြေပင်တို့၌ မီးအလှ များ ဆင်ယင်ထားရှိပြီး (၇၇)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တင့်ကားပုံ၊ စစ်ရေယာဉ်ပုံ၊ ရဟတ်ယာဉ်ပုံ၊ တပ်မတော်သုံး အမြောက်ပုံများကို မီးအလှဆင်ထားပြီး မီးအလှများ၊ မီးရှူးတိုင်အလှမီးများဖြင့် လှပစွာထွန်းညှိထားရှိရာ လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်