(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ငပလီကမ်းခြေတစ်လျှောက်နှင့် သံတွဲမြို့တစ်ပတ် စုပေါင်းစက်ဘီးစီးပွဲ ပြုလုပ်မည်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၇
(၇၇)   နှစ်မြောက်    ပြည်ထောင်စုနေ့  အထိမ်းအမှတ်  Riders Ngapali    စက်ဘီးစီးအဖွဲ့က   ဦးဆောင်၍    ငပလီကမ်းခြေ တစ်လျှောက်နှင့်   သံတွဲမြို့တစ်ပတ်ကို   စုပေါင်း၍   စက်ဘီး စီးပွဲပြုလုပ်မည်ဖြစ်ကြောင်း   အထက်ပါ    စက်ဘီးစီးအဖွဲ့ထံမှ  သိရသည်။
ပြည်ထောင်စုနေ့     အထိမ်းအမှတ်အဖြစ်     ဖေဖော်ဝါရီ  ၁ဝ  ရက်  နံနက်  ၆ နာရီတွင်  P.V.R Hotel  ရှေ့မှ  တာထွက် ခွာ၍ စုပေါင်းစက်ဘီးစီး အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး      လိုက်ပါစီးနင်းကြမည့်     စက်ဘီးစီး   ဝါသနာရှင်များအနေဖြင့် မည်သည့်စက်ဘီးနှင့်မဆို လိုက်ပါစီးနင်းနိုင်ကာ စုရပ် P.V.R Hotel ရှေ့သို့ မလာရောက်နိုင်သူများအနေဖြင့်လည်း လမ်းမှ    ဖြတ်လိုက်နိုင်ကြောင်း သိရသည်။
“(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းစက်ဘီး စီးပွဲကို  ဖေဖော်ဝါရီ ၁၀ ရက်မှာ လုပ်မှာပါ။  အရင်နှစ်တွေကလည်း လုပ်ဖြစ်ပါတယ်။  အရင်နှစ်တွေကဆိုရင်   စက်ဘီးဝါသနာရှင်တွေ၊  ပါဝင်သူတွေ များပါတယ်” ဟု Riders Ngapali မှ ဦးဆောင်သူ တစ်ဦးက ဆိုသည်။
ငပလီကမ်းခြေ မဇင်လေဆိပ်တွင် စုပေါင်းပန်းဝင် ကြမည်
စုပေါင်းစက်ဘီးစီးမည့်  လမ်းကြောင်းအနေဖြင့်  P.V.R. Hotel ရှေ့မှ နံနက် ၆ နာရီတွင်  တာထွက်ပြီး  ငပလီလမ်းဆုံမှ သံတွဲမြို့သို့ တစ်ပတ် ပတ်ကာ ငပလီကမ်းခြေ မဇင်လေဆိပ်တွင် စုပေါင်းပန်းဝင် ကြမည်ဟု သိရသည်။
နံနက်စာဖြင့် ဧည့်ခံကျွေးမွေးမည်
သံတွဲမြို့မှ  စက်ဘီးစီးဝါသနာရှင်အဖွဲ့များအနေဖြင့်   စုရပ်အဖြစ် Denko ဆီဆိုင်ရှေ့တွင် စောင့်နေပြီး ငပလီအဖွဲ့နှင့် ပူးပေါင်း၍ သံတွဲမြို့ ကို ပတ်စီးပြီး မဇင်လေဆိပ်တွင် စုပေါင်းပန်းဝင်ကြရန်အတွက်လည်း စီစဉ်ထားကြောင်း  သိရပြီး   စုပေါင်းပန်းဝင်လာမည့်  စက်ဘီးစီးအဖွဲ့ များကို သံတွဲခရိုင်  အား/ကာမှ  နံနက်စာဖြင့်   ဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း  ငပလီကမ်းခြေ   Riders Ngapali   စက်ဘီးစီးအဖွဲ့မှ  သိရသည်။                                                                                MT