
နေပြည်တော် ဇန်နဝါရီ ၂
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသ ယာဉ် (Mobile Medical Unit) ဖြင့် လူမှုဖူလုံရေး အကျုံးဝင် ဝန်ကြီးဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဌာနမှဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် လိုအပ်သောဆေးဝါး ကုသမှုများ၊ ဓာတ်ခွဲ စစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှု အားပေးသည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အကျုံး ဝင် အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေး အဖွဲ့ပိုင် ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ စာချုပ် ဆေးခန်း ၅၄ ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ် ဆေးခန်း ၂၃ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက် လျက်ရှိသော စာချုပ် ဆေးရုံ/ သားဖွားခန်း ၁၂ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လက်ရှိတွင် အာမခံစနစ် ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစား ခွင့် ၁၅ မျိုး ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု လျက်ရှိသည်၊၊ လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာ တစ်လလျှင် တစ်သိန်းရရှိသည့် အာမခံအလုပ်သမား တစ်ဦးအနေဖြင့် အလုပ်သမား ထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် ၂၀၀၀ နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် ၃၀၀၀ စုစုပေါင်း ၅ ရာခိုင် နှုန်းအတွက် ကျပ် ၅၀၀၀ ပေးသွင်းရပြီး အများဆုံး လုပ်ခလစာ သုံးသိန်းအထိ သတ်မှတ်ထားကာ အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် ၆၀၀၀ နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် ၉၀၀၀ စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျပ် ၁၅၀၀၀ ပေးသွင်းရပြီး လစဉ်ထည့်ဝင်ကြေး ပေါ်မူတည်၍ မကျန်းမာမှုအကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက် မှုကြောင့် ယာယီမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် စသည်တို့ကို ခံစားရရှိနိုင်သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရှိ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်ပေး မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့ရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်