
နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ရွှေကမ္ဘာ ငွေစု ငွေချေးသမဝါယမအသင်းတို့ ပူးပေါင်း ဆောင်ရွက်သော သဘာဝမြေဩဇာစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီသဘာဝမြေဩဇာစက်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ၊ တောင်သူဦးကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်အနားကို ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာ လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် သဘာဝမြေဩဇာများကို အသုံးပြုပါက ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးနှင့် ကိုက်ညီစေမည့် သီးနှံများ ထုတ်လုပ် နိုင်စေရန်အတွက် လိုအပ်ချက်များကို သမဝါယမ ကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းမှ နို့စားနွားမွေးမြူရေးလုပ်ငန်းအပြင် နို့နှင့် နို့ထွက် ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက်ရှိရာ မွေးမြူထားသည့် နွားများမှ ထွက်ရှိလာသော နွားချေးများကို သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးကို ရွှေကမ္ဘာ ငွေစုငွေချေး သမဝါယမအသင်းမှ ပံ့ပိုးပေးခဲ့ ပြီး စက်ရုံပိုင်းနှင့် မြေဩဇာထုတ်လုပ်မှုအပိုင်းကို စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ် ရေး သမဝါယမအသင်းက ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် သဘာဝမြေဩဇာ သည် မြေဩဇာကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေဩဇာမှတ်ပုံတင်ခွင့်ပြုမိန့်ရရှိပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သဘာဝဓာတ်မြေဩဇာ သုံးစွဲ ပါက မြေသားဖွဲ့စည်းမှုကောင်းခြင်း၊ လေဝင် လေထွက်ကောင်းခြင်း၊ အစိုဓာတ်ကို ကြာရှည် ထိန်းထားနိုင်ခြင်း၊ ပုလဲ၊ တီစူပါနှင့် ပိုတက်ဓာတ် မြေဩဇာများတွင် ပါဝင်သည့် အဓိကအာဟာရဓာတ် (၃)မျိုးလုံးအပြင် အကျိုးပြုဗက်တီးရီးယားများနှင့် အခြားအာဟာရဓာတ်များလည်း ပါဝင်နေခြင်း၊ သီးနှံပင်သက်တမ်း တစ်လျှောက်လုံး အကျိုးပြုနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း။
ယခုထုတ်လုပ်သည့် သဘာဝမြေဩဇာကို စပါး တစ်ဧက လျှင် လေးအိတ်နှုန်း သုံးစွဲပါက လုံလောက် မည်ဖြစ်ပြီး ကီလိုဂရမ် ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ နှုန်းသာ ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာတွင် ကုန်ကြမ်းပစ္စည်းများ ဖြစ် သည့် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ အရိုးမှုန့်၊ ဂျစ်ပဆင်ကျောက်မုန့်၊ တီကျစ်စာ၊ ဘိုင်အိုချား စသည် ကုန်ကြမ်းများကို နေပြည်တော်နှင့် အခြား သော တိုင်းဒေသကြီး/ပြည်နယ်များမှ ချိတ်ဆက် မှာယူပြီး ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစက်ရုံတွင် အဓိက ထုတ်လုပ်သည့် သဘာဝမြေဩဇာ အရည်အသွေး များ သတ်မှတ်စံနှုန်းများနှင့်အညီ ရေရှည်စဉ်ဆက် မပြတ် ထုတ်လုပ်ဆောင်ရွက်နိုင်ရေးနှင့် ထွက်ရှိ လာသည့် သဘာဝဓာတ်မြေဩဇာများကိုလည်း သမဝါယမအသင်းအဆင့်ဆင့် ချိတ်ဆက်ပြီး တောင်သူများထံသို့ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဈေးကွက်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့်သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံလုပ်ငန်း ခွင်၊ စပါးစမ်းသပ်စိုက်ခင်းနှင့် နွားမွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်