
ပြည်ထောင်စုအလံတော် သယ်ဆောင်ရာလမ်းတစ်လျှောက် တိုင်းရင်းသားပြည်သူများက အလံတော်အား သောင်းသောင်းဖြဖြ ကြိုဆို
ရန်ကုန် ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနား၌ အလေးပြုခြင်း ခံယူမည့် ပြည်ထောင်စုအလံတော် အား ရန်ကုန်မြို့မှ နေပြည်တော် သို့ သယ်ဆောင်ခြင်းအခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော် ခန်းမ ဧည့်ခန်းမရှိ ငွေဖလားတွင် စိုက်ထူထားသော ပြည်ထောင်စု အလံတော်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး က တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူများ ခြံရံသယ်ဆောင်၍ မြို့တော်ခန်းမ အလေးပြုခံစင်မြင့် ငွေဖလား၌ စိုက်ထူသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပါဝင်သည့် အလံစောင့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုအလံတော်အား အလေးပြုကြသည်။
လက်ဆင့်ကမ်း သယ်ဆောင်
ယင်းနောက် ပြည်ထောင်စုအလံတော်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး စောဂျက်ကော့ထူးတို့က ဝန်ထမ်းများခြံရံ၍ အဆင့်ဆင့် လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်ကြသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူးက ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုလှေပေါ်ရှိ ငွေဖလားတွင် စိုက်ထူပြီး အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံလျက် ပြည်ထောင်စုလှေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆက်လက်သယ်ဆောင်သည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်ထောင်စုလှေဆိုက်ရောက်ရာ ပြည်ထောင်စုလှေပေါ်ရှိ ပြည်ထောင်စုအလံတော်အား တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူးက တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်ထံသို့ လည်းကောင်း၊ ၎င်းမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လည်းကောင်း အဆင့်ဆင့် လက်ဆင့်ကမ်းလွှဲပြောင်း သယ်ဆောင်ပြီး (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စု နေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ လွှဲပြောင်းပေးအပ်သည်။
ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့တော် ခန်းမမှ ဆူးလေဘုရားလမ်း၊ ဂျိုးဖြူလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်းမတစ်လျှောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင့်ဆင့် သယ်ဆောင်ရာလမ်းတစ်လျှောက် တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင် များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက အလံငယ်များ ဝှေ့ယမ်း၍ ပြည်ထောင်စုအလံတော်အား သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင် သည့် ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့သည် တပ်မတော်အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် ထံ ပြည်ထောင်စုအလံတော်ကို လွှဲပြောင်းပေးအပ် သည်။
ငွေဖလားအတွင်း စိုက်ထူ
ဆက်လက်၍ ပြည်ထောင်စုအလံတော်အား နေပြည်တော်မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ဝန်ထမ်းများခြံရံပြီး အဆင့်ဆင့်လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်၍ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်အတွင်း ရပ်နားထားသည့် ပြည်ထောင်စုလှေပေါ်ရှိ ငွေဖလားအတွင်း စိုက်ထူ သည်။
ထို့နောက် ပြည်ထောင်စုအလံတော်ကို တပ်မတော်(ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် အလံစောင့်အဖွဲ့၊ တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ ပြည်ထောင်စုလှေဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်မြို့တော်ခန်းမသို့ သယ်ဆောင်လာရာ လမ်းတစ်လျှောက်ရှိ ကျောင်းသား ကျောင်းသူများ၊ တပ်မိသားစုဝင်များ၊ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများက နိုင်ငံတော်အလံငယ်များကို ဝှေ့ယမ်း ၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုလှေသည် နေပြည်တော်ရေပန်းဥယျာဉ်ရှေ့သို့ ရောက်ရှိရာ ပြည်ထောင်စုလှေပေါ်ရှိ ပြည်ထောင်စုအလံတော် အား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စုအလံတော်သယ်ယူရန် အသင့်စောင့် ကြိုနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ထံ လွှဲပြောင်းပေးအပ်သည်။
အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က ဝန်ထမ်းများခြံရံ၍ နေပြည်တော် မြို့တော်ခန်းမသို့ အဆင့်ဆင့် လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်ကြသည်။
ထို့နောက် နေပြည်တော်မြို့တော်ခန်းမရှေ့၌ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် ထံ ပြည်ထောင်စုအလံတော်ကို လွှဲပြောင်းပေးအပ် သည်။
ယင်းနောက် နေပြည်တော်မြို့တော်ဝန်က တပ်မတော် (ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ ပြည်ထောင်စုအလံတော် ရပ်နားမည့် နေပြည်တော်မြို့တော်ခန်းမရှိ ငွေဖလား ၌ ပြည်ထောင်စုအလံတော်ကို စိုက်ထူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ပြည်ထောင်စုအလံတော်အား အလေးပြုကြ သည်။
သတင်းစဉ်