
နေပြည်တော် ဇန်နဝါရီ ၁၉
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စား ပြု ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာ စားပွဲနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည် တော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ ကြိုးစား မှုကို မှတ်တမ်းတင်ဂုဏ်ပြုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် ရရှိသည့်အလေ့ အကျင့်ကောင်းများကို ရယူပြီး နိုင်ငံတော်၏ ယန္တရားများ ရှေ့ဆက်လက်ပိုမိုကောင်းမွန်စွာ အရှိန် အဟုန်မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန် ခွန်စိုက် ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြခန်း၊ ဂုဏ်ပြု ယာဉ်၊ စစ်ရေးပြစစ်ကြောင်းနှင့် ထိုင်ကြည့် စစ်ကြောင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား အဖွဲ့ခေါင်းဆောင် တစ်ဦး ချင်းစီကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ် ချီးမြှင့်ပြီး အားကစားပြိုင်ပွဲတို့တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား အဖွဲ့ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင် လွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများကိုယ်စား အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ ကို အတူတကွ သုံးဆောင်ကြသည်။ အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း စုစုပေါင်း ၄၄၉ ဦးကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်