
နေပြည်တော် ဒီဇင်ဘာ ၂
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် ထူးခြား လေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ် သည်။ ၇၅ နှစ်တိုင် လွတ်လပ်ရေးကို ထိန်းသိမ်းခဲ့သည့် အထိမ်းအမှတ်နေ့ ဖြစ်သကဲ့သို့ လာမည့်ကာလတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားကို နေပြည်တော်၌ နိုင်ငံတော် အဆင့် ခမ်းနားကြီးကျယ်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသ ကြီး / ပြည်နယ် အစိုးရအဖွဲ့များ၏ ဂုဏ်ပြုယာဉ်များ ချီတက်မှုနှင့် တွဲဖက် ဖျော်ဖြေမည့် ယိမ်းအဖွဲ့တို့နှင့်ပတ်သက် သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့် နှင့် ကော်မတီအဖွဲ့ဝင် ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီတွဲဖက်အတွင်း ရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အခမ်းအနား တွင် ချီတက်ပါဝင်မည့် ဂုဏ်ပြုယာဉ်များ၊ ဖျော်ဖြေမည့် ယိမ်းအဖွဲ့များနှင့်ပတ်သက် ၍ ဆောင်ရွက်ရမည်များကို အသေးစိတ် ဆွေးနွေးနိုင်ရန် အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ယမန်နှစ်က အတွေ့ အကြုံရှိပြီးဖြစ်သည့်အတွက် အခက်အခဲ ရှိကြမည်မဟုတ်သော်လည်း ယခုနှစ်တွင် ယမန်နှစ်ကထက် ပိုမိုခမ်းနားကြီးကျယ် ခြင်း၊ အစီအစဉ်များပြားခြင်း၊ အင်အား များပြားခြင်းနှင့် အချိန်ကြာမြင့်ခြင်းတို့ ရှိလာမည့်အတွက် အမှားအယွင်းမရှိအောင်၊ အချိန်ကိုက်ဖြစ်အောင် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က တိုင်းဒေသ ကြီးနှင့်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြု ယာဉ်များ၊ တွဲဖက်ဖျော်ဖြေမည့် ယိမ်းအဖွဲ့ များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မိုးဇော်ထွန်းက ဖျော်ဖြေမည့်အစီ အစဉ်၊ စာလုံးသရုပ်ဖော်မှု၊ တည်းခို နေထိုင်မှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာ ကြသူများက ကိုယ်စားပြုဂုဏ်ပြုယာဉ် များတွင် ဆင်ယင်ပြသမည့် အခြေအနေ၊ ဂုဏ်ပြုယာဉ်နှင့် တွဲဖက်ဖျော်ဖြေမည့် ယိမ်းအဖွဲ့တွင် ပါဝင်တင်ဆက်မည့် လူဦးရေ၊ တိုင်းရင်းသားရိုးရာအကများ၊ တေးသီချင်း ရွေးချယ်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားအပြီး ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီခွဲမှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်း၌ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများကို ပြသ သွားမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသားရိုးရာ အစားအသောက်ပြခန်းများလည်း ပါဝင် မည်ဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ယိမ်းအဖွဲ့များက ငါးရက်တိုင် ပြည်သူများကို တိုင်းရင်းသားရိုးရာအကအလှ များဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်